ရှမ်းပြည်(၈)

23 3 0
                                    

" You only lose what you cling to"
-Buddha-

"တွယ်ငြိရာသာ ဆုံးရှုံးမှာ"

-ဗုဒ္ဓ-
____________________________________________________________

ပို့၍မြင့်တက်လာသော နေ့ခင်းနေရောင်သည် အအေးဓာတ်အား တဖြည်းဖြည်းလျော့သွားစေ၏။ လေအဝေ့တိုင်း ယိမ်းနွဲ့နေသော မြက်ပင်ရှည်များ၊ အနီးအနားရှိ သစ်ပင်ကြီးတို့မှ သစ်ကိုင်းသစ်ခက်များ ပွတ်တိုက်သံတို့နှင့်အတူ၊ ခရီးဝေးနှင်လာခဲ့သော လေပြည်တို့သည် တောင်ကုန်းတစ်လျှောက်စိုက်ပျိုးထားသော ပန်းမျိုးစုံတို့၏ အမွေးရနံ့တို့ကိုပါ ဆောင်ယူသယ်လာခဲ့လေသည်။

မိုးခွန်သည် အအေးဓာတ်လျော့သွား၍ ပူစပ်စပ်ဖြစ်လာသောကြောင့် အပေါ်တစ်ထပ် ထပ်ဝတ်ထားသော ဂျာကင်အား ချွတ်လိုက်၏။ သို့သော် သူ၏ဘေးတွင် ထိုင်ကာ ချောကလက်ပူပူလေးတစ်ခွက်အား အရသာခံသောက်နေသော ခမ်းနောင်ကတော့ သိုးမွှေးအနွေးထည်လေးထပ်ဝတ်ထားရဆဲပင်။
မဝတ်ထားလို့လည်းမရ။ နေရောင်အောက် ရေတွေရွှဲနေအောင် ဆော့ကစားထားခဲ့ခြင်းကြောင့် ရေပြန်ချိုးလိုက်ပြီးနောက်တွင်တော့ ဟပ်ချိုးဟပ်ချေးလေးမှာ စလာ၏။

"ကိုကို မြန်မြန်သောက်လေ၊ ပြီးရင်ပြန်ကြရအောင်။ ပန်လေးလည်း အဆင်ပြေတာပဲကို"

"အေးပါကွ၊ မင်းကလည်း"

မိုးခွန်အား လှည့်မာန်ရင်း ခွက်ထဲရှိ နောက်ဆုံးလက်ကျန် ချောကလက်ပူနွေးနွေးကလေးအား မော့သောက်လိုက်၏။

"ပြန်တော့မှာလား၊ ကြွေရုပ်"

"ပြန်ကြမယ်လေ၊ကိုစိုင်း။ ဆရာ့ကိုလည်း ဘုရားတွေ လိုက်ပို့ရဦးမယ်မလား"

ခေါင်းငြိမ့်လက်ခံသော စိုင်းလုံအနောက်ရှိ အမျိုးသားသည် ဂေဟာမှပေးသော ရှမ်းရိုးရာ အဖြူရောင်ရင်ခွဲတိုက်ပုံနှင့် ပင်နီရောင်ရှမ်းဘောင်းဘီတို့အား လိုက်ဖက်စွာဝတ်ဆင်ထားလေ၏။ ဖြီးသင်မထားသောကြောင့် နဖူးပြင်ပြေပြေပေါ်သို့ လွတ်လပ်စွာ ပြန့်ဝဲကျနေသည့် ရွှေအိုရောင်ဆံစများအား လက်ဖြင့်ထိုးသပ်တင်လိုက်သော်လည်း တစ်စနှစ်စ ပြန်လည်ဝဲကျလာသေးသည်။

Beautiful MYANMAR [Book (1)]Where stories live. Discover now