ချင်းပြည်(၂)

21 1 4
                                    

နေရောင်တဖြေးဖြေး အားဖျော့လာကာ အမှောင်ဝင်လာသော ညီအစ်ကိုမသိတသိအချိန်တွင် သူတို့သည် တောာင်စောင်းတောလမ်းကျဥ်းလေးတစ်လျှောက် သတိကြီးစွာထား၍ လျှောက်လှမ်းနေကြရသည်။ ခမ်းနောင်တို့သည် နူးဝီတို့ရွာကလေးဆီသို့ သွားနေကြခြင်းဖြစ်သည်။ ကားလမ်းမပေါက်တော့သောကြောင့် သူတို့ ခြေလျင်ခရီးဖြင့်လာခဲ့သည်မှာ နာရီဝက်မျှပင်ရှိတော့မည်။ မညီညာသည့်အပြင် မိုးတွင်းကာလဖြစ်၍ အချို့နေရာများ၌ မြေသားပျော့၍ ဗွက်ထနေတတ်သော တောလမ်းကြောင့် သူတို့ ပို၍ပင်သတိထားနေကြရသည်။

"ဒေသခံတွေက အမဲလိုက်ဖို့ တောထဲမှာ ထောင်ချောက်လေးတွေချထားတတ်တာရှိတယ်။ သတိထားလျှောက်ကြဗျာ။ ရောက်ဖို့တော့ သိပ်မလိုတော့ပါဘူး"

ရှေ့ဆုံးမှ ဦးဆောင်လမ်းပြသွားနေသော ဒေသခံကောင်လေးစကားကြောင့် သူတို့ ပိုသတိကပ်လိုက်ကြသည်။
ထိုသို့ သတိထားနေကြရင်းမှပင် နောက်ဆုံးမှ လျှောက်လာသော ခမ်းနောင်သည် ပျော့နေသော မြေသားအား နင်းမိကာ လဲတော့သည်။

"အ"

"ခမ်း"

"ဟာ "

ရစ်ချက် လှမ်းဆွဲလိုက်သော်လည်း မမှီလိုက်တော့။ ခမ်းနောင်သည် တောင်စောင်းတစ်လျှောက် ဒလိမ့်ခေါက်ကွေး လိမ့်ကျသွား၏။

"ခမ်း"

"ရစ်ချက် အရမ်းပြေးမဆင်းနဲ့"

ရစ်ချက်၊ စိုင်းလုံနှင့် ဒေသခံလေး၏အသံတို့ တရစပ်လိုက်ပါလာကြသည်။ ခဏအတွင်းတွင် ခမ်းနောင်သည် တောင်ငူစွန်းတစ်ခုနှင့် တိုက်မိကာ လိမ့်ကျနေရာမှ ရပ်တန့်သွား၏။ သို့သော် သူနှင့်အရှိန်တူ လိမ့်ကျလာသော ကျောက်တုံးသည် သူ၏ခြေချင်းဝတ်အား အရှိန်ပြင်းစွာဖြင့် လာရောက်တိုက်မိလေ၏။

"အား"

ခြေထောက်ဆီမှ အသည်းခိုက်သောနာကျင်မှုကြောင့် ခမ်းနောင်၏မျက်နှာ၌ပါ ချွေးစေးများပြန်လာသည်။
လမ်းတစ်လျှောက် တိုက်ခဲ့မိသော ခန္ဓာကိုယ်နေရာအနှံ့မှလည်း တဆစ်ဆစ်နာကျင်လာသည်။ သူသည် ခြေထောက်ဆီသို့ လက်လှမ်းသော်လည်း မရောက်။ မျက်လုံးများအား တင်းတင်းဖိမှိတ်ထားရင်းနှင့် အံကြိတ်ထားရသည်။

Beautiful MYANMAR [Book (1)]Tempat cerita menjadi hidup. Temukan sekarang