ကချင်ပြည် (၂)

31 3 1
                                    

တောင်ထိပ်မှ ပြန်ဆင်းလာခဲ့ကြပြီးနောက် ရေခဲစပ်စခန်းတွင် တစ်ညအိပ်ကြပြီးမှ လမ်းတစ်လျှောက် စခန်းတစ်ခုပြီးတစ်ခု၊ ရွာတစ်ရွာပြီးတစ်ရွာဖြတ်ကာ တောင်ခြေသို့ ပြန်ဆင်းခဲ့ကြသည်။ အဆင်းသည် အတက်ခရီးလောက် မကျန့်ကြာ။

အဆင်းခရီး၌ ဇီယာဒမ်းတွင် တစ်ညအိပ်ခဲ့သောရက်က ခမ်းနောင် ကတိပေးထားသည့်အတိုင်း ကျန်နေသေးသည့် ကလေးတွေအတွက်ပုံများအပြင် ရစ်ချက်အတွက် ပုံကိုပါ ဆွဲဖြစ်ခဲ့၏။ ကလေးများအတွက် ပုံများအား အပြီးသတ်၍ ကလေးတွေကို ပေးခဲ့နိုင်သော်လည်း ရစ်ချက်အတွက်ပုံကိုတော့ဖြင့် အပြီးမသတ်နိုင်ခဲ့သေးချေ။

သူတို့သည် ပူတာအိုသို့ ပြန်ရောက်ပြီးနောက် လီဆူကောင်လေးတို့ သုံးယောက်အဖွဲ့နှင့် လမ်းခွဲလိုက်ကြကာ တည်းခိုရာဟိုတယ်လ်၌ တစ်ရက်လုံးလုံးမျှ အားရစွာအနားယူလိုက်ကြပြီး
အဲ့သည့်နောက်မှသာ ကောင်းမှုလုံစေတီအပါအဝင် လည်ပတ်ရန်ကျန်ရှိနေသေးသည့် နေရာများသို့ သွားခဲ့ကြသည်။ မူလာရှီးဒီကြိုးတံတားကတော့ မပါမဖြစ်ပင်။
ထို့နောက် ပူတာအိုမှတစ်ဆင့် နောင့်မွန်းမြို့၊ခေါင်လန်ဖူးမြို့များသို့လည်း သွားရောက်လည်ပတ်ခဲ့ကြသေးသည်။

ပြီးနောက် ပူတာအိုသို့ ပြန်လာခဲ့ကြကာ ထိုမှတစ်ဆင့် မြစ်ကြီးနားသို့ပြန်ဆင်းကြမည်ဖြစ်သည်။ မြစ်ကြီးနား၌တစ်ညအိပ်ပြီးကာမှ လုံးတုံသို့ဆက်သွားကြမည်ဖြစ်သည်။

"လုံးတုံရောက်ရင် အစ်မရဲ့အမျိုးတစ်ယောက်အိမ်မှာ တည်းဖို့ အစ်မပြောထားတယ်။ အာ.. ရစ်ချက်အတွက်တော့ ကိုယ်တို့တည်းမယ့်နေရာနားက ဟိုတယ်လ်မှာ အခန်းကြိုယူပေးထားတယ်နော်။ ဟိုတယ်လ်လေးက သန့်ရှင်းသပ်ရပ်ပါတယ်။"

ခမ်းနောင်တို့အား ပြောရင်းဖြင့် အစ်မဆုန်သည် ရစ်ချက်ဘက်သို့ပါ လှည့်၍ပြောသည်။

"ကိုယ်တစ်ယောက်တည်းဆိုရင်တော့ ဟိုတယ်လ်မှာ သက်သက်ကြီးမတည်းတော့ဘူးလေ"

အစ်မဆုန်သည် ရစ်ချက်၏စကားကြောင့် ကားရှေ့ခန်းမှနေ၍ အနောက်သို့ ကိုယ်တစ်ခြမ်းစောင့်လှည့်လာသည်။

Beautiful MYANMAR [Book (1)]Where stories live. Discover now