ရှမ်းပြည် (၉)

35 3 1
                                    

သင်္ကြန်အကြိုနေ့၏ နံနက်ခင်းသည် မြေသင်းနံ့ကလေးများ၊ပိတောက်ပန်းနံ့ကလေးများဖြင့် ထုံလွှမ်းနေ၏။ သင်္ကြန်မိုးအဖြစ် အားကြိုးမာန်တက် သည်းမည်းရွာခဲ့ရှာသော မိုးဒေဝါသည် မောပန်းနွမ်းနယ်သွားသယောင်ဖြင့် ငြိမ်သက်တိတ်ဆိတ်ကာ အနားယူနေလေပြီ။ နံနက်ခင်း၏ နေခြည်နုနုသည် တိမ်ညိုမဲများအား ဖောက်ခွင်းလျက် ကမ္ဘာမြေပေါ်သို့ ကျရောက်လာ၏။
ကျေးငှက်ကလေးများ အစာရှာထွက်ကြပြီ၊ စိမ့်စိမ့်အေးသောရာသီဥတုထဲ အနွေးဓာတ်လှိုင်းကလေး မသိမသာတိုးဝင်လာပြီ။

" မင်းအစ်ကိုတော့ စိတ်ဆိုးနေမှာအသေအချာပဲ"

ရွာလမ်းလေးအတိုင်း ဝင်ရောက်လာသော ဆိုင်ကယ်ကလေးပေါ်ရှိ လူနှစ်ဦးအနက်မှ အရှေ့ရှိလူသည် အနောက်သို့ စောင်းငဲ့လျက် လှမ်းပြောလိုက်သည်။

"သေချာတာပေါ့။ ကိုကိုက ဒီအချိန်ဆို မျက်နှာရှစ်ခေါက်ချိုးနဲ့ဖြစ်နေမှာ။ ကိုစိုင်းလုံ ဖုန်းလေးတောင်မဆက်နိုင်ဘူးလား ဘာညာနဲ့"

တန်ပြန်ထွက်ပေါ်လာသော စကားကြောင့် သူရယ်လိုက်မိပါ၏။

"အဲ့တာ ခွန်လေးကြောင့်ပဲလေ၊ မဟုတ်ဘူးလား"

စကားမဆုံးခင်၌ပင် သူတို့ဆိုင်ကယ်လေးသည် မိုးခွန်တို့ခြံအရှေ့သို့ ရောက်ရှိသွားလေပြီ။
မိုးခွန်သည် ခြံဝ၌ပင် ဆိုင်ကယ်အားရပ်ခိုင်းကာ ဆင်းလိုက်၏။
ဆိုင်ကယ်ဦးထုပ်အား ချွတ်နေရင်းနှင့်မှ နှုတ်ခမ်းစွန်းလေးတစ်ဖက် ကော့ညွတ်တက်သွားကာ စိုင်းလုံ၏စကားအား ပြန်လည်တုန့်ပြန်လိုက်၏။

"လောကမှာ အခွင့်ဆိုတာ ခဏခဏမလာဘူးလေ၊ အဲ့တော့ လာတုန်းကို ရအောင်ယူထားတတ်ရတယ် ဦးစိုင်းလုံရဲ့"

စိုင်းလုံပါ ဆိုင်ကယ်ပေါ်ကဆင်းလိုက်ကာ မိုးခွန်အနားသို့ သွားလိုက်သည် ။

"နောင့်စိုင်းက တစ်နှစ်ကျော်တောင်သွားမှာမဟုတ်လား၊ ပြန်မလာပဲနဲ့လေ။ အဲ့တော့ ရသလောက် အချိန်ဆွဲထားရတာပေါ့"

မေးလေးငေါ့ပြလျက် ပြောနေသော မိုးခွန်၏ ဆံပင်များအား လက်ဖြင့် ထိုးဖွ သပ်တင်ပေးလိုက်သည်။ မိုးခွန်အား ကြည့်နေရင်းမှ စိုင်းလုံရင်ထဲ ရောက်ရှိလာသည့် ဘယ်အရပ်၌ မြစ်ဖျားခံခဲ့မယ် မသိသော မချိတင်ကဲစိတ်များကြောင့် ရင်ဝတွင် ဆို့ကျပ်နေသလို ခံစားလာရသည်။
ထို့နောက် စိုင်းလုံသည် မိုးခွန်အား ပွေ့ဖက်လိုက်လေ၏။
မိုးခွန်၏ ခေါင်းအား လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် မိုးခွန်၏ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေ၏။

Beautiful MYANMAR [Book (1)]Where stories live. Discover now