ရှမ်းပြည်(၆)

25 3 4
                                    

နွေဦး၏နေရောင်နုထွေးသည် အင်းလေးရေကန်ပေါ် ဖြာကျအုပ်မိုးထားလျက်ရှိသည်။ ငါးဖမ်းလှေလေးတွေ၊ ခရီးသွားလှေတွေ၊ ငွေဇင်ယော်တွေ၊ ရေပြင်အား ဖြတ်သန်းလာသော လေပြေသည် ရေမှုန်ကလေးများဖြင့် ရစ်ချက်၏ပါးပြင်အား ခပ်အေးအေးလာရောက် ရိုက်ခတ်လျက်ရှိသည်။
တောင်တွေကာရံထားသည့် ရေပြင်ကြီးအား မျက်စိတဆုံးမြင်နေရ၏။

အင်းလေးကန်၊
အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။

အင်းလေးကန်သည် လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်လေသည်။
အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထား၏။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ အင်းသားတို့သည် လှေအား ခြေဖြင့်လှော်ခတ်လေ့ရှိကြသည်။
အင်းလေးဒေသ နန်ဟူးရွာတွင် ထင်ရှားကျော်ကြားသော ဖောင်တော်ဦးဘုရားရှိသည်။

အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ ပေ (၈၈၀မီတာ) တွင်တည်ရှိဟုဆိုကြ၏။
ခြောက်သွေ့သော နွေရာသီတွင် အနက် ၇ ပေ (၂.၁မီတာ) ခန့်ရှိပြီး မိုးရာသီတွင် ၅ ပေ (၁.၅) မီတာအထိ ရေမျက်နှာ မြင့်တက်တတ်သည်။
အင်းလေးကန်သည် တောင်ပေါ်အင်းအိုင်ကြီး တစ်ခုဖြစ်ပြီး တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့်ရှည်လေ၏။ အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့် ရှိသည်။ ကန်သည် နမ်ပီလူးခေါ် ဘီလူးချောင်းတွင်းမှဖြတ်၍ တောင်ဖက်စွန်မှ စီးထွက်သည်။

Beautiful MYANMAR [Book (1)]Where stories live. Discover now