အပိုင်း ၆

6.2K 903 58
                                    

တောလမ်းကျဥ်းလေးသည် ဖြောင့်ဖြူးခြင်းမရှိ။ ခြုံနွယ်များကြား ပျောက်ချင်သည့်နေရာ ပျောက်သွားတတ်သလို ကျောက်တုံး မြေတုံးများ ပြိုကျကာ ရှာ၍မရဘဲ ဖြစ်နိုင်သေးသည်။ ထိုတောလမ်းတွင် ရာဇာ တစ်လှမ်းချင်း ရှေ့တိုးလျှောက်လာနေသည်။ ဝတ်ဆင်ထားသော အဖိုးတန်ဝတ်ရုံသည် ချိတ်မိ၊ ပြဲမိရာများနှင့် သေသပ်ခြင်းမရှိတော့။ ကြယ်သီးစေ့များအဖြစ် မြှုပ်နှံထားသော အဖိုးတန်ကျောက်များသည်ပင် စိမ်းညို့သော တောကြီးကြောင့် ထင်သာမြင်သာ မရှိနိုင်။

မျက်နှာနားရိုက်ခတ်သွားသော သစ်ကိုင်းခက်ကို ဖယ်လိုက်ရန် အချိန်မရလိုက်။ ခြေလှမ်းကို မသိမသာဆုတ်ရင်း သစ်ကိုင်းခက်နှင့် ငြိမိနေသော ကျောက်စိမ်းနားဆွဲကို ခပ်ဖြည်းဖြည်း ပြန်ဖြုတ်သည်။ မျက်လုံးနေရာတွင် အဖိုးတန်ပတ္တမြားမြှုပ်ထားသော ရေနဂါးပုံ နားဆွဲလေး လွတ်မြောက်သွားသော်လည်း ပင့်ကူမျှင်တစ်ချို့ ကပ်ပါလာသည်။

သူရောက်ရှိနေသော နေရာသည် နတ်တို့၏တိုင်းပြည်ဟု ခေါ်တွင်ဖို့ရန်ပင် မထိုက်တန်။ အရိုင်းကောင်များနေထိုင်ရာ တောသာသာနေရာဟုသာ တဆက်တည်း တွေးမိသည်။ အချင်းချင်း ပိုမိုရင်းနှီးရန်ဟူသော မိဘများ၏ အကြောင်းပြချက်သည် မရယ်ရသော ပျက်လုံးတစ်ခုလို အဓိပ္ပါယ်မဲ့နေပြီ။ နတ် အများစုသည် ရာဇာနှင့် မိတ်မဖွဲ့လိုကြ။ တောပိုင် တောင်ပိုင် နတ်မင်းအပေါင်းသည် သူ့ကို ဝေးဝေးမှ ရှောင်ကြသည်။ တောင်စောင့်နတ်မင်းကြီးနှင့် မိဖုရားခေါင်ကြီးက ဖော်ရွေဟန်ပြသော်လည်း ဟန်ဆောင်မှုက များလိမ့်မည်။ ရာဇာ့အနေဖြင့်လည်း ယခုအချိန်ထိ အပျော်အပါးမက်ကာ သောက်စားမူးယစ်ဖို့ရန်သာ အာရုံရှိသည့် နတ်များကိုမြင်ပြီး ယခင်ကထက်ပိုပြီး စက်ဆုပ်မိသည်။

မည်သို့ပင်ဆိုစေကာမူ ယခုနတ်တို့တိုင်းပြည်ကို ရောက်လာရချိန်တွင် ရာဇာ့အတွက် ကြုံရခဲသော စိတ်လွတ်လပ်မှုကို ခံစားရသည်။ အခြံအရံများနှင့် တင့်တယ်ခမ်းနားစွာ နေထိုင်ခဲ့ရာမှာ အခြေအနေပြောင်းလဲသွားသော်လည်း တာဝန်ကင်းကာ ရေနဂါးတို့တိုင်းပြည်မှာလို မည်သည့်အရာကိုမှ သတိထားနေစရာမလို။ ထို့အပြင် မိမိကြောင့် တစ်စုံတစ်ယောက် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေရသည်ကို စိတ်ထဲကျေနပ်နေသည်ကို ငြင်းမရ။

ဖူးစာယှဥ်Where stories live. Discover now