အပိုင်း ၂၄

4.8K 667 89
                                    

နီရဲဝိုင်းစက်သော နေမင်းကြီးသည် တောတန်းနားသို့ ငုံ့ဆင်းလာသည်နှင့် ပူပြင်းမှုကင်းသော ရောင်ခြည်များကို ဖြန့်လွှင့်၍နေပြီ။ တိမ်မျှင် တိမ်စတို့သည်လည်း ပတ္တမြားကျောက်ရည်ပက်ဖြန်းခံရသလို လှပ၍နေသည်။ ကန်ရေစပ် ကျောက်ဆောင်များကြား ယှဥ်တွဲရပ်နေသူနှစ်ဦးသည် နေဝင်ချိန်အောက်မှာ ခန့်ညားစွာ။

"ရာဇာ.. ငါတို့ ဒီနေရာကနေ ထွက်သွားရအောင်"

ဒီဒေသ၏ နေဝင်ချိန်များကို မြတ်နိုးပါသည်ဟု ဆိုခဲ့သူက ယခုတော့ ထွက်သွားဖို့ရန် ပြောနေသည်ကို မယုံနိုင်။ ဘေးချင်းယှဥ်ရပ်နေရာမှ မသိမသာ ငဲ့ကြည့်မိသည်။ ခမ်းနားသော ဝတ်စားဆင်ယင်မှု၊ ဂုဏ်သရေရှိ အမူအရာများနှင့် သူ့အတွက်တော့ ထိုသူသည် ဘယ်အခြေအနေမဆို လေးစားရသော နမူနာတစ်ခုပင်။

"ဘာလို့လဲ စွမ်း.."

"ငါ မင်းနဲ့ အမြဲနေချင်တယ်"

"အခုရာ အတူတူမရှိလို့လားဗျာ"

ပြုံးရယ်လိုက်ကာ ချစ်ရသူ၏ လက်ဖဝါးကို ဆုပ်ကိုင်သည်။ မသိမသာဖယ်ထွက်သွားသူကို နားမလည်နိုင်။

"စွမ်း.. ဘာဖြစ်လဲ.. ဒီမှာနေရတာ .."

မပျော်တော့ဘူးလားဟု တွေးမိတော့ စိတ်ထဲမှာ လေးလံစွာခံစားရသည်။ နှစ်များကြာခဲ့ပြီဖြစ်သော်လည်း ထိုသူသည် မိမိနားမှာ အမြဲလိုလို ရှိနေခဲ့သည်။ ထွက်သွားရန်မဆိုနှင့် ခေတ္တခဏခွဲခွာဖို့ပင် ဘယ်တုန်းကမှ စကားမဆိုခဲ့။ သို့သော် စွမ်းသည် မိမိအရပ်ဒေသကို စွန့်ခွာခဲ့သူသည် သူတို့နေရာမှာ ကြာမြင့်စွာရှိနေခဲ့ရသည်ကို မေ့နေခဲ့သည်။

"ကျွန်တော်တို့ စွမ်းနေရာကို ခရီးသွားကြမလား"

"မဖြစ်နိုင်တာ"

အလောတကြီးနိုင်စွာ ဟန့်တားပြီးမှ သတိထားမိသလို ပြန်လည် ထိန်းချုပ်သည်။ စိမ်းကြည်သောမျက်လုံးများကို စူးစိုက်ကြည့်ကာ အလေးအနက်ပြောသည်။

"ငါတို့ အဲ့ဒီ့ကိုသွားလို့မဖြစ်ဘူး.. မင်းလည်း ဒီမှာဆက်မနေနဲ့.. အဝေးဆုံးကို သွားကြမယ်ကွာ.. ဘာပဲဖြစ်ဖြစ် ငါတို့အတူတူရှိနေမှာ.."

ဖူးစာယှဥ်Where stories live. Discover now