အပိုင်း ၁၈

5.8K 715 194
                                    

ကျောက်မျက်ရောင်များနှင့် အမြဲလိုလို ခန့်ညားခဲ့သော နန်းတော်ကြီးသည် ယနေ့တွင် တမူထူးခြား ဝင့်ထည်နေသည်။ အဖိုးတန်အဆင်တန်ဆာများသည် ဝံ့ကြွားနေရာယူထားသလို အမှုထမ်းများနှင့် နန်းတွင်းသူ နန်းတွင်းသားအားလုံး သပ်ရပ်တောက်ပစွာ ဝတ်ဆင်ထားကြသည်။ ဥယျာဥ်ထဲရှိ ကျောက်သားအတိ ရေကန်ကျယ်ကြီးတွင်မူ ရေပန်းလှများမှ ရေကျသံသာရှိနေပြီး ပျော်ရွှင်ရေကစားနေကြသူများကို မတွေ့ရ။ နန်းတော်ကြီးထဲ လှုပ်ရှားသွားလာနေသူအားလုံး သတိအနေထားနှင့် အမှားမပါရအောင် အထူးဂရုစိုက်နေကြသည်။

"ရာဇာ ဘယ်မှာလဲ စန္ဒီ"

ထင်ရှားသည့် အခမ်းအနားများတွင်သာ ဝတ်ဆင်လေ့ရှိသော ရွှေသရဖူကို ဆောင်းထားသည့် မိဖုရားကြီး၏ အလှသည် ရွှေရောင်ဝင်းနေသည်။

"မတွေ့မိသေးဘူး မယ်ဖုရား"

"ပြန်ရောက်နေပြီမဟုတ်လား"

"ဟုတ်ကဲ့"

ယနေ့တွင် တောင်စောင့်နတ်မင်းကြီးရော မိဖုရားပါ ရေနဂါးပြည်သို့ လာရောက်ကြမည်။ လွန်ခဲ့သောအချိန်က ကတိစကားများအတိုင်း ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။ ရေနဂါးမင်းကြီး၏ ခိုင်းစေချက်အတိုင်း ရာဇာ့ကို တွေ့တွေ့ချင်း ဒီအကြောင်းအရာများကို စန္ဒီ အသိပေးဖြစ်ခဲ့သည်။ သတင်းစကားအတွက် အံ့သြသည်လား၊ အလိုမကျသည်လား မခန့်မှန်းနိုင်ခဲ့။

"မယ်ဖုရား.. အစ်ကို သဘောကျသူက ဘယ်လိုမျိုးဖြစ်မလဲဟင်"

စန္ဒီ့ရင်အုံမို့မို့ပေါ်မှ ပတ္တမြားဘယက်ကို ပုံကျအောင် ညှိပေးနေသော မိဖုရားကြီး၏ နီစွေးသော နှုတ်ခမ်းများထက် ပြုံးရိပ်ထင်သည်။

"သဘောကျတာ မကျတာ အရေးကြီးလို့လား စန္ဒီရယ်.."

"ရှင်.."

"ဒါ နှစ်ပြည်ထောင် ငြိမ်းချမ်းရေးကိစ္စ.. ရာဇာ့အနေနဲ့ ဘယ်သူ့ကိုရွေးရွေး ကိစ္စပြီးမြောက်ဖို့က အဓိကပဲ.. ကျန်တာတွေ အရေးမကြီးဘူး.."

နုပျိုမှုရောသော မျက်လုံးဝိုင်းများတွင် အံ့သြရိပ်ထင်သည်။ ဆောင်းမနက်ခင်းရောင်ခြည်လို ချောမောနုညက်လှသော မိဖုရားကြီး၏ အလှကို ငေးကြည့်ရင်း စိတ်ထဲတွင် မကောင်းနိုင်။

ဖူးစာယှဥ်Where stories live. Discover now