ဇာတ်သိမ်းပိုင်း

9.2K 803 131
                                    

မင်းနောင်သည် မရဲသလို ပြုံးနေရင်းမှ ကျောက်ဆောင်မြင့်မှ ရာဇာ့ကို မျက်လုံးလှန်ကြည့်သည်။ စကားနားမထောင်လျှင် ဆူခံရမည်ကို သိနေသော်လည်း ဒီကိစ္စမှာတော့ စိတ်မချနိုင်ခဲ့။ သို့သော် ငုံ့ကြည့်နေသူက လက်တစ်ဖက်ကို ကမ်းပေးသည်ကို မြင်ရချိန် မင်းနောင်မျက်နှာတစ်ခုလုံး ပြုံးသွားသည်။

"ငါ လာလို့ရလား"

"ရောက်နေပြီ မဟုတ်ဘူးလား"

မင်းနောင် ရယ်ကျဲကျဲပြုကာ ရာဇာ၏ လက်ချောင်းသွယ်များကို ဆုပ်ကိုင်သည်။ ဆွဲတင်လိုက်သူ၏ လက်များမှခွန်အားကို ခံစားရသည်။ ကျောက်ဆောင်ပေါ် ရောက်သွားသော်လည်း ထိုလက်များသည် ဆုပ်ကိုင်ထားဆဲ။

နန္ဒသည် စွမ်းသူရ၏ ရုပ်ကြွင်းနားမှာရပ်၍နေသည်။ မိဖုရားကြီး၏ သရဖူကို ဆုပ်ကိုင်ထားရင်း ရာဇာတို့ရှိရာ လှမ်းကြည့်သည်။

"မင်း ဆန္ဒပြုရုံပဲ နန္ဒ.. စစ်မှန်ခဲ့ရင် ကျိန်စာ အလိုလို ပျယ်သွားလိမ့်မယ်"

ရာဇာ့ စကားအဆုံးမှာ နန္ဒသည် ဒူးထောက်ထိုင်ရင်း တစ်ချိန်က ရုပ်ပုံကို စူးစိုက်ကာ ငေးကြည့်နေသည်။ ခန္ဓာပုံတည်ဆောက်ပုံ ကွဲပြားသော်လည်း ရုပ်ချင်းတူလှတာကို ငြင်း၍မရ။ ဒေါသအမုန်းများနှင့် ကန်ရေပြင်ရှိရာ မျှော်ကြည့်နေသူ၏ ဆင်းရဲဒုက္ခများ ကုန်ဆုံးသွားစေချင်သည်။ အရင်ဘဝမှာ မိမိဖြစ်ခဲ့သည်၊ မဖြစ်ခဲ့သည်ထက် မည်သူ့အတွက်မှ ကောင်းကျိုးမရှိသည့် အဆိုးဝါးဆုံးခံစားချက်များ ပျောက်ကွယ် သွားစေချင်သည်။

မိဖုရားကြီး၏ သရဖူကို ကိုင်ထားသော လက်များဖြင့်ပင် စွမ်းသူရ၏ ကျောက်သားလက်မောင်းများကို ဆုပ်ကိုင်သည်။ ဖန်သားပြင်ကဲ့သို့ ချောမွေ့အေးစက်နေသော အသိသည် ကျောရိုးထဲကို စိမ့်သွားစေသည်။ ခံစားခဲ့ရသည့် ဒေါသ၊ နာကျင်ရုန်းကန်မှုများကို အသစ်တဖန် ပြန်လည်ခံစားရသလို တုန်ယင်လာသည်။ သို့သော် နန္ဒ အာရုံတွင် ခတ္တာ၏အပြုံးများကို မြင်သည်။ ရာဇာနှင့် မင်းနောင်တို့နှင့် အတူပြုံးရွှင်ရယ်မောခဲ့သည်များကို သတိရသည်။ မျက်လုံးများကို စုံမှိတ်လိုက်ရင်း တည်ငြိမ်စွာ ဆန္ဒပြုသည်။

ဖူးစာယှဥ်Where stories live. Discover now