အပိုင်း ၂၅

4.9K 711 211
                                    

ရာစုနှစ်များစွာရှင်သန်ခဲ့သော သစ်ပင်ကြီး၏ သစ်မြစ်များသည် ကွန်ယက်တစ်ခုသဖွယ် ယှက်နွယ်လျက်ရှိသည်။ ကျယ်ပြန့်သော ရေကန်ပြင်ကြီးနောက်ခံဖြစ်သည့်အပြင် ကျေးငှက်များမှီခိုနေထိုင်ရာ အသိုက်အမြုံဖြစ်၍ အလှပဆုံးသဘာဝပန်းချီကားတစ်ချပ်ပမာ။ အတွေးမျိုးစုံနှင့်လျှောက်လာနေသော မင်းနောင်သည် သစ်မြစ်များပေါ် ပေါ့ပါးစွာ ခုန်ဆင်းလာချိန် ရေလှိုင်းသံမှလွဲ၍ တိတ်ဆိတ်မှုကြောင့် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားရသည်။ သို့သော် သေးငယ်သော သောင်ပြင်ထက်တွင် မျှော်လင့်ထားသူကို မြင်ရသည်။

ရာဇာသည် ဒီတစ်ခါတော့ အမှန်တကယ်ပင် အိပ်ပျော်နေဟန်တူသည်။ လက်တစ်ဖက်ကို ခေါင်းအုံးကာ ဘေးတစောင်းလှဲနေသည်။ ရေစိုနေသော ဝတ်ရုံများနှင့် ဆံစများသည် သဲပြင်နှင့်ရောကာ ရွှေရောင်လက်နေသည်။ ပုံမှန်အသက်ရှူသံနှေးနှေးသည် ရေလှိုင်းသံကြားမှာ နှစ်လိုဖွယ်ရာ။ အနားတွင် လိပ်လေးတစ်ကောင်ရှိနေကာ မင်းနောင်၏ လှုပ်ရှားသံကြောင့်လားမသိ။ တရွေ့ရွေ့နှင့် ကန်ရေထဲပြန်ဆင်းပျောက်ကွယ်သွားသည်။

နှစ်ခြိုက်စွာ အိပ်မောကျနေသူကို မနှိုးချင်သော်လည်း သူတို့တွင်အချိန်မရှိ။ ရာဇာ့ဘေးနားတွင် ဒူးတစ်ဖက်ထောက်ထိုင်ရင်း မျက်လုံးပေါ် ဖုံးကျနေသော ဆံစ အချို့ကို ဖယ်သပ်တင်ပေးလိုက်သည်။

"ရာဇာ.."

နှိုးမည့်သူက နိုးသွားမည်ကို စိုးရိမ်သည့်ဟန် တီးတိုးခေါ်သံသည် ထူးဆန်းနေမည်လားမသိ။ မသိမသာ ပုတ်ခတ်သွားသော မျက်တောင်နက်များသည် အသက်ရှူမှားစေနိုင်သည်။ ပခုံးထက်မှာ လက်တင်သည်ဆိုရုံ။ နောက်တစ်ကြိမ် ကိုယ်ကိုကိုင်းကာ ထပ်ခေါ်သည်။

"ရာဇာ .. သွားရအောင်"

မျက်တောင်ခတ်သည်ကို မြင်ရသည်။ စိမ်းပြာရောင်မျက်လုံးများသည် ခပ်ဖြည်းဖြည်းပွင့်လာသည်။ ထိုမျက်လုံးများသည် တစ်စုံတစ်တရာကို မြင်လိုက်ရချိန် ငြိမ်သက်စွာ အကြည့်များရပ်တန့်သွားသည်။

မသိမသာ ကိုယ်ကိုတိမ်းညွှတ်ရင်း နှိုးနေသည်မို့ မင်းနောင်၏ ဆင်ရိုးဆွဲကြိုးငယ်သည် ဝတ်ရုံအပြင် ငိုက်ကျနေသည်။ ရာဇာ၏ မျက်နှာရှေ့နား မလှမ်းမကမ်းတွင်ပင် ရှေ့နောက်ယိမ်းရင်း လှပစွာ တည်ရှိနေသည်။

ဖူးစာယှဥ်Where stories live. Discover now