အပိုင်း ၂၆

430 52 1
                                    

တိမ်စိုင်ဖြူများသည် မိုးထိလုနီးနီး တောင်တန်းမြင့်ကြီးများ၏ အချို့အစိတ်အပိုင်းများကို ဝန်းရံထားသည်။ မြင့်မားလွန်းသောကြောင့် တောင်ထိပ်ပိုင်းနေရာများတွင် သစ်ပင်ကြီးများ ပေါက်ရောက်ခြင်းမရှိဘဲ ကျောက်ဆောင်သက်သက်ဖြစ်နေသည်။ ကောင်းကင်ယံတွင် ပျံဝဲနေသော စွန်ငှက်ကြီးသည်ပင် တောင်တန်းမြင့်ကို ကျော်ဖြတ်နိုင်ခြင်းမရှိသလို ဘေးနားမှာသာ ကွေ့ဝိုက် ဝဲပျံနေသည်။

ရာဇာတို့ရောက်နေသောနေရာသည် တောင်ခြေရင်းမဟုတ်။ အခြား အခြားသော တောင်ကုန်းတောင်တန်းများနှင့် ဆက်သွယ်ထားသည့် တောင်မြင့်တစ်နေရာဖြစ်ကာ လမ်းတစ်ဝက်ဟု ဆိုနိုင်သည်။ ဒီနေရာမှဆိုလျှင် နောက်ထပ်နေ့ဝက်ခရီးဖြစ်သည်။ ခရီးပြင်းနှင်လာခဲ့သောကြောင့် မင်းနောင်အနေဖြင့် နောက်ထပ် နတ်ကျားအသွင်ပြောင်းဖို့ ခက်ခဲနေကာ အနားယူဖို့ရန်လည်းလိုအပ်သည်။ သို့သော် အလျင်လိုနေသူနှစ်ဦးစလုံး အနားမယူနိုင်ဘဲ ရှေ့ဆက်လာခဲ့ကြသည်။

အမြင့်ပိုင်းဒေသတွင် ပေါက်ရောက်လေ့ရှိသည့် ထင်းရှူးတောကြီးထဲ ခရီးဆက်ကြသည်။ အချို့နေရာများတွင် မတ်စောက်လှသည့်အပြင် ကျောက်ဆောင်ကြီးများမှာ နံရံသဖွယ်ဖြစ်နေ၍ လမ်းကြောင်းရှာရင်း ကွေ့ပတ်တက်ရသည်။ စမ်းရေစီးကြောင်းအသွယ်သွယ်ရှိနေသဖြင့် ခြေကုပ်ယူဖို့ မလွယ်သောနေရာများရှိသည်။ အချို့နေရာများတွင်မူ ရွှံ့နွံထူ၍နေသည်။

ကျောက်ဆောင်မြင့်တစ်ခုပေါ် ခုန်တက်လိုက်ပြီးမှ မင်းနောင် ရာဇာရှိရာ လက်ကမ်းပေးသည်။ ခြစ်ရာများနှင့် ပွန်းပဲ့နေသော လက်ဖဝါးပြင်ကို ဆုပ်ကိုင်ကာ ဆွဲတင်လိုက်သည်။

"ရသေးလား ရာဇာ.."

ရာဇာ စကားဖြင့်မဖြေနိုင်သေးဘဲ ခဏနားရင် လက်ကာပြသည်။ အလိုက်သိစွာ အသင့်ထိုင်နိုင်ဖို့ ကျောက်ဆောင်ပေါ်မှ မင်းနောင် နေရာဖယ်ပေးသည်။ အနားတွင်ရှိနေသော စမ်းရေကို လက်ခုပ်ဖြင့် ယူလာပေးသည်။ ရာဇာ၏ အသက်ရှူသံမှာ မသိမသာပြင်းထန်နေသည်။ ရေအကုန်မသောက်ဘဲ အချို့ကို ထွေးထုတ်ချိန် စိမ်းပြာရောင် သွေးအချို့ ပြန်ပါလာကို မြင်လိုက်ရသည်။ မင်းနောင် စိတ်ပူပန်စွာ မျက်နှာပျက်သွားသည်။

ဖူးစာယှဥ်Where stories live. Discover now