အပိုင်း ၁၆

5.3K 756 153
                                    

စိမ်းစိမ်းစိုသော သစ်ပင်များအုပ်ဆိုင်းသော တောလမ်းငယ်သည် သာယာကြည်နူးဖွယ်ရာ။ မိုးရွာထားပြီးကာစဖြစ်သောကြောင့် ဝါးရွက်၊ သစ်ရွက်များထက်တွင် ရေပုလဲများ သီတန်းနေသေးသည်။ မြေပြင်ပေါ် ထင်ကျန်သော မိုးရေစီးကြောင်းသည်ပင် မရပ်တန့်သေးဘဲ တသွင်သွင် စီးဆင်းနေဆဲ။ ထိုလမ်းထက်မှာ ယှဥ်တွဲလျှောက်လာသူနှစ်ယောက်ကို မထူးဆန်းသော မြင်ကွင်းတစ်ခုအဖြစ် တောလမ်းငယ်မှ သိပါလိမ့်မည်။

တစ်ဦးမှာ သပ်ရပ်တန်ဖိုးရှိသော ဝတ်ဆင်မှုနှင့် အဖိုးတန်ရတနာများ စီရီထားသည်။ ရှည်လျားလာသော ဆံပင်များကြောင့် ကျောက်စိမ်းနားဆွဲငယ်ကို မမြင်ရတော့။ ချောမောခန့်ညားသော အသွင်သည်လည်း ကပိုကရိုကျဆင်းနေသော ဆံစအချို့အောက်မှာ။ သို့သော် မာန်မာနနှင့် သြဇာကြီးသော ဟန်ကိုတော့ မည်သူမဆို သတိထားမိပါလိမ့်မည်။

အခြားသူကတော့ ကိုယ်အပေါ်ပိုင်း ဗလာနှင့်ဖြစ်သည်။ ဒူးနှစ်ဖက်စလုံး မြင်နေရအောင် စုတ်ပြဲသော ဘောင်းဘီကိုဝတ်ဆင်ထားကာ ခြေဗလာနှင့်ဖြစ်သည်။ မျက်ခုံးနေရာနှင့် ပါးပြင်တွင်လည်း ရွှံ့စက်များ ပေနေသေးသည်။ ရွှံ့ခြောက်ကပ်သော ဆံစရှည်များကြောင့် ထူးပြီး မညစ်နိုင်သော်လည်း စူးရဲရဲအကြည့်သည် မာထန်သော အလှတရားကို ပုံဖော်နိုင်စွမ်းရှိနေသည်။ ရိပ်ရိပ်ထင်သော ပါးသိုင်းမွှေးအချို့သည်လည်း ခန့်သောရုပ်ရည်ကို ပြည့်စုံစေသည်။ အသားနုရောင် မထူတထူနှုတ်ခမ်းများမှာ ပြုံး၍နေသည်။

ထိုသူ၏ ခြေတစ်ဖက်က မိုးရေစီးကြောင်းကို နင်းမိသည်။ မြေမှုန်ရောသော ရေစက်များသည် ဘေးနားတွင် လိုက်ပါလာသူ၏ အဖိုးတန် အဝတ်နားစတွင် ပေကျံကုန်သည်။ ရွှံ့ပေသွားသော အဝတ်အစားများကို ငုံ့ကြည့်ရင်း စိတ်ပျက်သလို ဘေးချင်းယှဥ်မလျှောက်ရန် ခြေလှမ်းနောက်ချန်ခဲ့ဖို့ ကြိုးစားသည်။ သို့သော် အခြားသူကပါ ခြေလှမ်းရုပ်သည်။

"ငါ မင်းကို မေးစရာရှိတယ်.."

ပြော ဆိုသည့် ခွင့်ပြုချက်ကို အကြည့်ဖြင့်သာ တုန့်ပြန်သည်။ ဒီပုံစံမျိုးနှင့် ရင်းနှီးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ထူးပြီး စိတ်ပျက်ဟန်မရှိ။

ဖူးစာယှဥ်Where stories live. Discover now