အပိုင်း ၂

9.7K 918 21
                                    

လမင်းကြီးသည် ကောင်းကင်ယံထက် ထိန်လင်းစွာ တောက်ပနေသည်။ ရောင်စုံကြာပန်းပွင့်များမှ အလင်းတန်းများသည် ရေကန်ငယ်ကိုသာမက ဝန်းကျင်တစ်ခုလုံးကိုပါ ထိန်ထိန်လင်းနေစေသည်။ ရေကန်ပတ်လည်တွင် နတ်သားငယ်များသည် စောင်း၊ ပလွေ တူရိယာမျိုးစုံနှင့် ပျော်ရွှင်စွာ တီးမှုတ်နေသလို ပန်းပွင့်ပန်းခက်များနှင့် လှပစွာ တန်ဆာဆင်ဝတ်ဆင်ထားသော နတ်သမီးငယ်များသည် ဂီတသံကြား မြူးတူးစွာ ကခုန်နေကြသည်။

ချိုမြသော စပျစ်ရည်နံ့နှင့်အတူ အသားကင်နံ့များ မွှေးကြိုင်နေသည်။ နတ်သားကြီးများသည် ဆေးတံကိုယ်စီ၊ စပျစ်ရည်အိုးကိုယ်စီနှင့် မနီးမဝေးတွင် ဝိုင်းဖွဲ့စကားဆိုနေသည်။ နတ်သက်ငယ် နတ်သား နတ်သမီးများမှာမူ စားသောက်စရာများ ပြင်ဆင်ခြင်း၊ တည်ခင်းခြင်းတို့ဖြင့် မအားလပ်နိုင်။ တောတန်းနေရာသည် ပျော်ရွှင်စဖွယ် မြူးကြွမှုများနှင့် ပြည့်စုံလျက်။

"အရှင်နတ်မင်း.."

တောစောင့်နတ်မင်း မင်းကျော်စွာသည် ခေါ်သံကြောင့် နောက်နားကို ငဲ့ကြည့်သည်။ ဇနီးဖြစ်သူ ကမ်းပေးလာသော သီးနှံပန်းကန်ကို လက်နှင့်ကာရင်း ငြင်းလိုက်သည်။ ထိစပ်လုနီးနီး မျက်ခုံးများသည် အလိုမကျဟန်။ ရိုးရှင်းသောဝတ်စုံနှင့် ကျက်သရေရှိနေသော နတ်သမီးကြီးသည် အသီးပန်းကန်ကို ရှေ့တွင်ချကာ ခင်ပွန်းသည်နား ဝင်ထိုင်လိုက်သည်။

"ဘာတွေအတွေးများနေပြန်ပြီလဲ ရှင်ရယ်.. ရှင့်ကြည့်လိုက်ရင် တွေးနေ စိုးရိမ်နေတာပဲ.. စိတ်လွတ်ကိုယ်လွတ်နေစမ်းပါရှင့်.. ကျုပ်တို့နတ်မျိုးတွေဆိုတာ အမြဲပျော်ပျော်နေတတ်ကြတာ.. ရှင့်နဲ့မှပဲ"

"မယ်မင်းရာ.. ရေနဂါးပြည်မှာ ဘာတွေဖြစ်လဲ မင်းမကြားဘူးလား"

တောင်စောင့်နတ်မင်းက မည်သူမှ မကြားအောင် အသံနှိမ့်ကာ ပြောသော်လည်း အနားတွင်ရှိနေသော ဒေဝနတ်သားသည် နတ်မင်းကြီးစကားကို ကြားသွားသည်။ မသိမသာ အနီးကပ်လာရင်း ဦးညွှတ်သည်။ ဆံစမရှိပြောင်လက်နေသော ဦးခေါင်းပြောင်နှင့် နှုတ်ခမ်းမွှေးတိုစစ ဒေဝသည် သာမန် နတ်တစ်ပါးသာဖြစ်သော်လည်း မင်းမိဖုရားနှစ်ပါးက အားကိုးယုံကြည်ကြသည်။

ဖူးစာယှဥ်Where stories live. Discover now