" အရမ်းအေးနေမှာပေါ့ ၊ ဒီဟာလေးနဲ့ ဖြစ်လို့လား "ပိုင်စိုးပိုင်နင်းနဲ့ ဒီလိုမျိုးဂရုစိုက်ပေးတဲ့အခါ ရင်ထဲမှာအမြဲကြိတ်ပျော်ရသည် ။ ဒါပေမယ့် ဒီလိုဂရုစိုက်မှုမျိုးကို မိန်းကလေးဘယ်နှစ်ယောက်ကို ပေးပြီးပြီလဲ ဟု တွေးမိတဲ့အခါ နှလုံးသားက တစ်စစီ ။
" ရပါတယ် ... ဒီည အရမ်းမအေးပါဘူး "
" အရမ်းအေးလည်းပြော ... ကိုယ် မင်းအတွက် hoodie အပိုယူလာတယ် "
သူ ခေါင်းပဲငြိမ့်ပြလိုက်သည် ။
ထူးဆန်းနေတဲ့ အခြေအနေမို့ အသက်မရှူရဲအောင် ခေါင်းကိုငုံ့ထားရသည် ။ တစ်ဖက်က ကားမောင်းနေတဲ့သူကိုလည်း မကြည့်မိအောင် ထိန်းထားရတာ အလုပ်တစ်ခု။ဒီလောက်ထိ သဘောကျနေပြီးပြီမို့ ဒီ့ထက်ပိုပြီး နွံထဲကိုမနစ်ချင်တော့ ။ သူပြန်ရမယ့် ရလဒ်ရဲ့ အဖြေက အကောင်းမရှိနိုင်ဘူးလေ ။
နာမည်ကြီး စားသောက်ဆိုင် တစ်ခုရှေ့မှာ ကားဘီးတွေရပ်တန့်သွားသည် ။ ကားပေါ်က ဆင်းဆင်းချင်းမှာတင် သူ့ပုခုံးပေါ်ရောက်လာတဲ့ လက်တစ်စုံ ။ ဆောင်ဟွန်းကို ယောင်ယမ်းပြီး မော့ကြည့်လိုက်တော့ ဒီ အထိအတွေ့ကို သူက လုံးဝ ဂရုမစိုက်သလို ။
Suit အပြည့်ဝတ်ထားတဲ့ ဆောင်ဟွန်းရဲ့ ဘေးမှာ သူ့ပုံစံက ကလေးသူငယ်ရုပ်လေး ပေါက်နေလောက်မည် ။
အဖြူနဲ့ အမည်း ဆန့်ကျင့်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံစံကိုတွေးကြည့်ရုံနဲ့တင် ဂျိတ်ခ်သွေးပျက်နေပြီ ။" Damn .. အဲ့လိုမှန်းသိရင် Suit ပဲဝတ်လာခဲ့ပါတယ် "
" ဟင် ... ဘာပြောလိုက်တာလဲ ဂျိတ်ခီး "
" ဟင်-ဟင့်အင်း ... ဘာမှမဟုတ်ဘူး "
" လာ - ကိုယ်တို့နေရာက အပေါ်မှာ "
ပုခုံးပေါ်က လျှောကျလာတဲ့ ဆောင်ဟွန်းရဲ့ လက်တွေက သူ့လက်တွေကို ဆုပ်ကိုင်လိုက်သည် ။ လက်ကောက်ဝတ်တွေကို မဟုတ် ။ သူ့လက်ဖဝါးတစ်ခုလုံး ဆောင်ဟွန်းရဲ့ လက်တွေထဲမြုပ်သွားတာကိုကြည့်ရင်း အသက်ရှုရပ်ချင်သွားသည် ။