" ဆောင်ဟွန်း - ဒီအချိန်ကြီး ဘာလာလုပ်တာ - "သူ့စကားတောင်မဆုံးသေးခင် တစ်ကိုယ်လုံးတင်းကျပ်နေအောင် အဖက်ခံလိုက်ရပြန်သည် ။ တံခါးဝကြီးမှာရပ်ပြီး ရင်ခွင်ထဲနစ်နေအောင် အဖက်ခံထားရတာမို့ အခြေအနေက ကြောင်တောင်တောင်ကြီး ။
" နေ-နေပါဦး ဘာလာလုပ်တာလဲအရင်ပြောပါဦး "
သူကိုယ်တိုင်သာ ရုန်းမထွက်ရင် ပတ်ဆောင်ဟွန်းက တစ်ညလုံးဖက်ထားမယ့် သဘောမှာရှိတာမို့ အတင်းရုန်းရသည် ။
" ညစာဝယ်လာပေးတာလေ ၊ မင်းညနေက ခေါက်ဆွဲပြုတ်ပဲ စားထားတာမလား "
ဆောင်ဟွန်း မြှောက်ပြတဲ့ လက်ထဲက အထုပ်တွေကို ငေးကြည့်ရင်း ဂျိတ်ခ်ပြုံးမိသွားသည် ။ ဟီဆွန်းဟျောင်းကလည်း ညစာကို ခေါက်ဆွဲပြုတ်နဲ့ပဲ ရောရောချနေလို့ ဒီလိုပဲဆူနေကြ ။ ဒါပေမယ့် ဟျောင်းကတော့ အဝေးမှာဆိုတော့ ဒီလိုဝယ်ပြီးလာမပို့ပေးနိုင် ။ တကယ်လို့ တစ်နိုင်ငံထဲမှာဆိုရင်ရော ဟျောင်းက ဒီလောက်ထိဂရုစိုက်ပေးမှာလား ။
သူကသာ အတွေးကမ္ဘာထဲ နစ်မြုပ်နေပေမယ့် ဆောင်ဟွန်းကတော့ မီးဖိုချောင်ထဲထိရောက်ပြီးနေပြီ ။
" ငါ့ဘာသာငါလုပ်ပါ့မယ် .. ဆောင်ဟွန်း "
" အိမ်ရှေ့မှာသာ အေးဆေးထိုင်နေပါ "
သူ့မီးဖိုချောင်ထဲ ကိုယ်တိုင်ဝင်ပြီး ပြင်ဆင်ပေးနေတဲ့ ဆောင်ဟွန်းကို ငေးကြည့်ရတာ တော်တော်တော့ရင်ခုန်ဖို့ကောင်းသည် ။ ထိုင်ခုံမှာငြိမ်ငြိမ်လေးထိုင်ရင်း ထိုကျောပြင်ကိုအခုချိန်ငေးကြည့်နေခွင့်ရပေမယ့် ပိုင်ဆိုင်ခွင့်တော့မရဘူးမလား ။
သူတောင်တွေးလို့မဆုံးခင် စားပွဲပေါ်မှာတင်ထားတဲ့ဆောင်ဟွန်းရဲ့ ဖုန်းစခရင်က လင်းလာသည် ။ Mute ထားတာမို့ အသံမကြားရပေမယ့် Notifications တွေကတော့ တက်လာနေဆဲ ။ တစ်ခုပြီးတစ်ခု ဝင်လာတဲ့ message တွေက သူ့ရဲ့ သောင်းခြောက်ထောင်သော ကောင်မလေးတွေထဲ ကဖြစ်မည် ။ ဂျိတ်ခ် နာမည်တောင်မကြားဖူးတဲ့ ထိုကောင်မလေးက ဆောင်ဟွန်းကို အတင်းလှမ်းခေါ်နေသည် ။ သူ လိုက်ဖတ်ဖို့မသင့်တော်တော့တဲ့အထိ ဖြစ်လာတဲ့အခါ ဂျိတ်ခ်က မျက်စိလွှဲလိုက်သည် ။