" ကိုကို "ဆောင်ဟွန်းက လက်ထဲက ချောကလက်ဘူးလေးက်ို ကြောက်ကြောက်နဲ့ ဖိကိုင်ရင်း ခေါ်လိုက်သည် ။ တကယ်တော့ ကိုကို က အနားမှာ မရှိ ။ ဟိုး ခပ်လှမ်းလှမ်းမှာ ။ သူကသာ အနားရောက်ရင် အသံတုန်နေမှာစိုး၍ ကြိုပြီးလေ့ကျင့်နေခြင်းဖြစ်သည် ။
" ကိုကို .. ဒီဟာလေး ယူ- အာ .. မဟုတ်သေးပါဘူး ဘယ်လိုပြောရမလဲ "
ဆောင်ဟွန်းက ဖိကိုင်ထားလွန်း၍ ချောက်ကလက်ဘူး ပေါ်မှာ ချီထားတဲ့ အနီရောင်ဖဲကြိုးလေးကပါ ပြေလုနီးပါး။ စိတ်ရှည်ရှည်နဲ့ ဖဲကြိုးကိုပုံစံအမှန်ဖြစ်အောင် ပြန်ပြင်လိုက်ပြီး ဘူးကိုဘေးနားချကာ သူပါရောထိုင်လိုက်သည် ။
အတန်းထဲမှာ ဘယ်သူမှမရှိတော့ ။ တစ်နေကုန် ကိုကို့ကို ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင် ။ အခုဆို ကျောင်းဆင်းချိန်ရောက်တာတောင် သူ့မှာသတ္တိမရှိသေး ။အခုသူ့ပုံစံက စာမေးပွဲခန်းထဲဝင်နေတဲ့ ကျောင်းသားတစ်ယောက်လိုဆိုရင် ဂျေးက အိမ်ကနေ ထိုင်စောင့်နေရတဲ့မိဘနေရာမှာပေါ့ ။ သူ့ အခြေအနေကို ဖင်တကြွကြွနဲ့ စောင့်နေမယ့် ဂျေးပုံစံကို သူမြင်ယောင်မိသည် ။
အမှန်တော့ ကိုကို့ ကိုဖွင့်ပြောဖို့အားပေးခဲ့တာလည်း ဂျေးပင် ။
ကိုကို့ကို သူ စသဘောကျခဲ့တာ ဒီစာသင်နှစ်အစကတည်းကပင် ။ အိမ်မှာစာလာသင်ပေးတဲ့ ဂိုက်ဆရာမကြောင့် ကိုကို့ နာမည်ကိုကြားဖူးကတည်းက သူစပြီးစိတ်ဝင်စားနေခြင်းဖြစ်သည် ။
ကိုကို ကအရမ်းချောသည် ။
စာလည်း အရမ်းတော်သည် ။
ကိုကို့ရဲ့ သမင်မျက်လုံးလေးတွေကတော့ သူ့ရဲ့ အားနည်းချက်ပင် ။ ကိုကိုက ပြုံးတာရှားပေမယ့် ပြုံးလိုက်တိုင်းလည်း ဆောင်ဟွန်းရင်ဘတ်ထဲမှာ ကြည်နူးမှူတွေပြည့်လျှံသွားရသည် ။နေ့တိုင်းနေ့တိုင်း ကိုကို့ကို ချောင်းပြီးငေးကြည့်နေရင်းကနေ ဒီနေ့တော့ ဖွင့်ပြောဖို့ အရဲစွန့်လာရခြင်း ။ အများကြီး ကြောက်နေမိပေမယ့်လည်း သူခြေလှမ်းတွေကို ကိုကို့ ဆီဦးတည်လိုက်သည် ။