Chapter 1 (Unicode)

21.9K 750 38
                                    

လေနုလေအေးများ တဖြူးဖြူး ဆော်သွေးတိုက်ခက်မှုကြောင့် နေပူသော်လည်း အေးမြ၍နေသည်။ ကျောင်းဆင်းချိန်ဖြစ်သည့်အတွက် ကျောင်းပတ်ဝန်းကျင်တဝိုက်မှာတော့ ဖြူစိမ်းဝတ် ကျောင်းသားကလေးများ၊ ကျောင်းလာကြိုသည့် လူကြီးမိဘများ၊ ကျောင်း၏ အနီးတဝိုက်ရှိ ဈေးသည်များနှင့် ပျားပန်းခတ် လှုပ်ရှားစည်ကားလျက် ရှိနေသည်။

မူလတန်းကလေးများကို ကျောင်းဆင်းပေးအပြီး ဆယ်မိနစ်အကြာမှာတော့ မိုးတိမ်ပြာတို့ အလယ်တန်းကျောင်းသားများ ကျောင်းဆင်းရသည်။ မိုးတိမ်ပြာသည် အတန်းဆင်းပြီးပြီးချင်းမှာပဲ ညီမလေး မိုးတိမ်လွှာ၏ မူလတန်း ကျောင်းဆောင်ဆီသို့ အပြေးလေး သွားလိုက်သည်။ ညီမလေး မိုးတိမ်လွှာကတော့ အစ်ကိုဖြစ်သူ မိုးတိမ်ပြာကို သူ့အတန်းမှာပင် ဖင်တကြွကြွနှင့် စောင့်နေရှာတော့မည်။

“ဟော…ရောက်လာပါပြီ သမီးရဲ့ အစ်ကို”

တိမ်လွှာလေးက သူ့အစ်ကိုကို မြင်လိုက်ချိန်မှာ ပျော်သွားသော်လည်း နှုတ်ခမ်းလေးကို စူထားကာ စိတ်ကောက်ချင်ယောင် ဆောင်နေလိုက်သည်။ ဒါမှသာ ကိုကိုက သူ့ကို စိတ်ဆိုးပြေအောင် မုန့်ဝယ်ကျွေးမည်လေ။ တိမ်လွှာလေးက သူ့အကြံကို သူ သဘောကျစွာ ခိခနဲ ရယ်မိလိုက်သေး၏။ ပြီးမှ ပြန်သတိရကာ နှုတ်ခမ်းလေး ပြန်ထော်ထားလိုက်သည်။

“ဆရာမ၊ စောင့်နေပေးတာ ကျေးဇူးတင်ပါတယ်။ သား ဒီနေ့ အတန်းတံခါးပိတ်ရတဲ့ တာဝန်ကျလို့ စောင့်ပိတ်နေရတာနဲ့ နောက်ကျသွားတယ် ဆရာမ”

တိမ်လွှာလေး၏ အတန်းပိုင်ဆရာမ‌သည် တိမ်ပြာ မရောက်မချင်း အမြဲတမ်း စောင့်ပြီးမှ အိမ်ပြန်တတ်သည်။ ဉာဏ်ကောင်း၍ စာတော်သော သူတို့ မောင်နှမ နှစ်ယောက်သည် တစ်ကျောင်းလုံးမှာရှိသည့် ဆရာ၊ ဆရာမများ၏ အချစ်တော်လေးများ ဖြစ်ကြသည်။

“ရပါတယ် သားရယ်။ ဆရာမက ဘာမှမဖြစ်ဘူး။ ဟိုမှာ တိမ်လွှာလေးကိုသာ ချော့ပေတော့”

တိမ်ပြာက ဆရာမကို နှုတ်ဆက်ပြီး တိမ်လွှာလေး လွယ်အိတ်နှင့် ထမင်းချိုင့်ကို ယူလိုက်သည်။

“လာ…ဘဲမလေး၊ နည်းနည်းလေးနောက်ကျတာကို နှုတ်ခမ်းက တစ်တောင်လောက် ထော်နေပြီ”

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now