Chapter 6 (Unicode)

3.9K 355 24
                                    

အရွယ်နှင့် မလိုက်သည့် ဒဏ်ရာများကို ပိုင်ဆိုင်ခဲ့ဖူးသည့် မိုးတိမ်ပြာသည် အခုလည်း နောက်တစ်ကြိမ် ဒဏ်ရာများ ထပ်မံရရှိပြန်ပြီ။

အတိတ်က အနာတရများသည် ကိုကို ကုစားပေးခဲ့၍ ပျောက်ကင်းသက်သာခဲ့ရပြီ။ အခုတစ်ကြိမ် ဒဏ်ရာများသည် ကိုကိုမရည်ရွယ်သော်လည်း ကိုကိုကြောင့် ရရှိခဲ့ခြင်းဖြစ်လေ၏။

သည်ဒဏ်ရာများကိုတော့ ကိုကို ကုစားပေးနိုင်တော့မည် မဟုတ်ပါ။

"မင်း အသည်းကွဲနေတာလား"

ကျောင်းမှာ တမှိုင်မှိုင်တတွေတွေ ငေးငိုင်သုန်မှုန်နေသည့် တိမ်ပြာ့ကို ဇွဲထက်မာန်က မေးလိုက်ခြင်းဖြစ်သည်။ အသည်းကွဲသည် ဆိုသည့် စကားကို ကြားလိုက်ချိန်မှာ တိမ်ပြာ ဟားတိုက်၍ ရယ်ပစ်လိုက်သည်။

"အသည်းကွဲတယ်ဆိုတာ... ချစ်သူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ အခြေအနေမျိုးတွေမှာ ပြင်းပြင်းထန်ထန် ခံစားနာကျင် ထိခိုက်ဝမ်းနည်းရတာမျိုး မဟုတ်လား ဇွဲ။ ငါ့ကျတော့ ကိုယ်ချစ်တဲ့ လူတစ်ယောက်ရဲ့ ချစ်ခြင်းကို မခံရဘဲ တစ်ဖက်သက် ကြိတ်မှိတ်ခံစားနေရတဲ့အဖြစ်မျိုး"

ဖြုတ်ခနဲ ပါးပြင်ပေါ် ကြွေကျလာသည့် မျက်ရည်စများကို တိမ်ပြာလက်တွေနှင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။

နောက်ထပ် မျက်ရည်စတွေ မကျရအောင် မျက်နှာကို ကောင်းကင်ကြီးရှိရာ မော့ထားလိုက်တော့ တိမ်တိုက်ပြာတွေ ကင်းမဲ့လျက် အသက်မဲ့နေသည့် ကောင်းကင်ပြင်ကြီးကို ရုတ်ချည်းတွေ့လိုက်ရသည်။

"အသည်းကွဲတာတောင် လူရာမဝင်တဲ့ အသည်းကွဲမှုမျိုးပါ ဇွဲရာ။ မင်း ဒါတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး"

တိမ်ပြာ စွပ်စွပ်စွဲစွဲပြောလိုက်သည်ကို ဇွဲက တိမ်ပြာ့မျက်ဝန်းများကို တိတ်ဆိတ်စွာ ကြည့်ရင်းသာ တုံ့ပြန်ခဲ့သည်။

တွေ့ရပြန်ပြီ။ ဇွဲ၏ ထိုအကြည့်များ။
တိမ်ပြာ နားမလည်သည့် အကြည့်များ။ မျက်ရည်စများနှင့် မှိုင်းမှုန်ရီဝေနေသည့် အကြည့်များ။

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now