Chapter 8 (Unicode)

4.2K 341 48
                                    

ကျောင်းကိစ္စများနှင့် တစ်နှစ်ပတ်လုံး လုံးလည်ချာလည်လိုက်ကာ စိတ်ပင်ပန်းနေခဲ့ရသမျှကို အိပ်ရာပေါ်တွင် ပစ်လှဲလိုက်ချလိုက်ခြင်းနှင့် ဖြေဖျောက်ပစ်လိုက်သည်။ သည်ကနေ့သည် ဒုတိယနှစ် (Second Year) ၏ ပထမစာသင်နှစ်ဝက် (First semester) အတွက် နောက်ဆုံးနေ့လည်း ဖြစ်သည်။

ကောင်းကင်သစ်သည် ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ်ဝင်ခွင့်ဖောင်များ လျှောက်ရချိန်ကတည်းက ဆေးတက္ကသိုလ်သို့ တက်ရောက်ရန် ရွေးချယ် လျှောက်ထားခဲ့သည်။ ကြွေရုပ်လွှာသည်လည်း ကောင်းကင်သစ်နှင့်အတူ ဆေးတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့ကြသည်။

စာသင်နှစ် စပါပြီဆိုသည်နှင့် စာထဲမှာသာ ရှိရှိသမျှ စိတ်အာရုံများ စိုက်ထားခဲ့ရသည်ဖြစ်၍ အတန်းထိန်းဂိုက်ဆရာအလုပ်ကိုတောင် ထွက်လိုက်ရသည်။ ‌တက္ကသိုလ်တွေ စဖွင့်သည့် ဒီဇင်ဘာလကတည်းက ဂိုက်ဆရာအလုပ်မှ ရပ်နားခဲ့လိုက်သည်။

အိပ်ရာပေါ် ခဏလှဲချလိုက်သည့် အချိန်တိုလေးအတွင်းမှာ ကောင်းကင်သစ် မျက်လုံးများ စဉ်းလာကာ အိပ်ပျော်လုနီးနီး ဖြစ်သွားရသည်။ မဖြစ်ဘူး။ သူအိပ်ပျော်သွားလို့ မဖြစ်သေးဘူး။ အခုမှ ညနေ (၅)နာရီသာ ရှိသေးသည်။ သည်အချိန် အိပ်ပျော်သွားလျှင် ညကြီးသန်းခေါင်ကျမှ နိုးကာ မျက်စိကြောင်နေလိမ့်မည်။

အိပ်ရာပေါ်မှ ရှိသမျှ လက်ကျန်ခွန်အားလေးနှင့် ကုန်းရုန်းထကာ ရေချိုးဖို့ အဝတ်အစားများကို ချွတ်လိုက်သည်။ အဝတ်ဗီရိုထဲမှ တဘတ်တစ်ထည်ယူလိုက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ပတ်လျက် ရေချိုးခန်းထဲသို့ ဝင်ကာ ရေပန်းဖွင့်လိုက်သည်။

မိုးရေစက်များကဲ့သို့ အဆက်မပြတ် တဖွဲဖွဲကျလာသည့် ရေစက်အေးလေးများ၏အောက်သို့ ခိုဝင်ကာ မျက်နှာလေးကို မော့ထားလိုက်ရင်း ရေစက်လေးများ၏ အေးမြသော အတိအတွေ့ကို ခံယူလိုက်သည်။ ကောင်းကင်သစ် ရေကို အချိန်ဆွဲရင်း ဇိမ်ပြေနပြေ စိမ်ချိုးလိုက်သည်။ ရေစက်အေးများအ၏ အထိအတွေ့၊ ရေချိုးဆပ်ပြာ၏ မွှေးကြိုင်သော အနံ့အသက်လေးများဖြင့် ကောင်းကင်သစ်၏ စိတ်များ ပြန်လည် နိုးကြွလန်းဆန်းလာသည်။

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now