Chapter 13 (Unicode)

3.9K 287 22
                                    

ထိုညက တိမ်ပြာ၏ အိမ်တွင် ကောင်းကင်သစ် မအိပ်ဖြစ်ခဲ့ပါ။ ဖေဖေနှင့်အတူ အိမ်ပြန်လိုက်သွားဖြစ်ခဲ့၏။ နှစ်တွေ အကြာကြီးနေမှ ပြန်ဆုံ ခွင့်ရသည့် မောင်နှမနှစ်ဦးကို အချိန်ပေးလိုသည်က တစ်ကြောင်း၊ ဖေဖေနှင့် စကားပြောလိုသည်က တစ်ကြောင်း သူ့အိမ်သို့သာ ပြန်လိုက်ခဲ့သည်။

"ဖေဖေ၊ ဘယ်လို ဖြစ်ရတာလဲဗျာ။ တိမ်လွှာက ဘယ်လိုဖြစ်ပြီး သားရဲ့ ဇနီးလောင်း ဖြစ်သွားရတာလဲ"

"သားပဲ ကြွေရုပ်လွှာနဲ့ လမ်းခွဲလိုက်ပြီဆို။ အဲ့ဒါကြောင့်ပဲ ဖေဖေနဲ့ လင်းမောင် နှစ်ဉီးသဘောတူ စီစဉ်လိုက်တာပဲ သား"

"သားရဲ့ သဘောထားလေးတော့ ဖေဖေတို့ မေးဖို့ကောင်းပါတယ် ဖေဖေရာ"

"ဖေဖေရဲ့ ဆန္ဒက သားရဲ့ ဆန္ဒဖြစ်ရမှာပေါ့ မဟုတ်လား သား။ ဖေဖေ သားကို အဖေတစ်ယောက်အနေနဲ့ သားရဲ့ ဘဝကို ဝင်စွက်ဖက်တာမျိုး မလုပ်ခဲ့ဖူးတာ သားအသိပဲလေ။ ဒါပေမယ့် ဒီတစ်ခါတော့ အဖေတစ်ယောက်အနေနဲ့ ပထမဦးဆုံး အကြိမ် တောင်းဆိုတာပါ သားရယ်။ ဖေဖေ့ ဆန္ဒကို သား မငြင်းဆန်ဖို့ ဖေဖေမျှော်လင့်တယ် သား"

ဖေဖေ၏ စကားသည် သူ့နှလုံးသားကိုသာမက တစ်ကိုယ်လုံးကိုပါ ရုန်းမရအောင် ချည်နှောင်ပြီးသား ဖြစ်စေသည်။ သို့သော် သူ့ဘဝမှာ အခုတစ်ကြိမ်သာ တောင်းဆိုခဲ့ဖူးသော ဖေဖေ့ ဆန္ဒကို ရိုက်ချိုးပစ်ဖို့ လုံလောက်သည်အထိ တိမ်ပြာ့အပေါ်ထားရှိသည့် သူ့၏ ချစ်ခြင်းသည် အင်အားကြီးမားလွန်းပါသည်။

တိမ်လေးသာ ဆန္ဒရှိခဲ့ပါလျှင် ဖေဖေ့ဆန္ဒကိုတောင် လွန်ဆန်ပစ်ဖို့ သူ ဆုံးဖြတ်ထားလိုက်ပါတော့သည်။

သည်အချိန်ဆို တိမ်လေးတစ်ယောက် ဘာလုပ်နေမှာပါလိမ့်။ သေချာတာက တိမ်လေးနှင့် တိမ်လွှာ ညလုံးပေါက် စကားများ ပြောနေကြပါလိမ့်မည်။

ထိုညတွင် ရင်ခုန်သံများ အစပျိုးဖို့ ရည်ရွယ်ခြေလှမ်းခဲ့သော်လည်း တိမ်ပြာ့ဘဝတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်ကင်းကွာခဲ့သည့် တိမ်လွှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်းသည် တိမ်ပြာ၏ နှလုံးသားကို နင်းခြေရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ လွှာလေး မရည်ရွယ်ခဲ့ပေမယ့်လေ။

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now