Chapter 15 - The End (Unicode)

7.7K 340 11
                                    

သခွားရောင် မြန်မာဝတ်စုံလေးနှင့် မိုးတိမ်လွှာသည် လိုက်ဖက်စွာ လှပနေသည်။ မိတ်ကပ်ဆရာ မငှားဘဲ တိမ်လွှာကိုယ်တိုင် ပြင်ဆင်ခြယ်သထားသော်လည်း ပန်းသွေးရောင်သမ်းသည့် မိတ်ကပ်အပြင်အဆင်ကြောင့် တိမ်လွှာ၏မျက်နှာ နုနုဖူးဖူးလေး၏ အလှတရားများသည် ပို၍ ပေါ်လွင်ကာ လှချင်းတိုင်း လှနေတော့သည်။

မှန်ထဲတွင် ထင်ဟပ်နေသည့် တိမ်လွှာ၏ ပုံရိပ်ကို တိမ်လွှာ ပြန်စစ်ဆေးလိုက်သည်။ နှုတ်ခမ်းအရောင်လေးက အနည်းငယ် ဖျော့နေသေးသည်။ ပန်းဆီရောင် နှုတ်ခမ်းနီလေးကို ယူကာ နှုတ်ခမ်း၏ အတွင်းသားလေးများကို ထင်းထင်းလေး အရောင်ထပ်ဖြည့်လိုက်ချိန်တွင် စိတ်ကျေနပ်စေသော ပြည့်စုံမှုကို တိမ်လွှာ ခံစားလိုက်ရသည်။

တိမ်လွှာကိုယ်တိုင် စိတ်တိုင်းကျ ခြယ်မှုန်းထားသော မျက်နှာလေးကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ထိုစဉ် တိမ်လွှာ့အခန်းထဲသို့ ကိုကို ဝင်လာခဲ့သည်။

"လွှာလေး..."

ကိုကိုသည်လည်း စတစ်ကော်လံ အင်္ကျီအဖြူလေးရယ်၊ ဆင်စွယ်ရောင် ပိုးပုဆိုးလေးရယ်နှင့် လိုက်ဖက်ညီစွာ ချောမောခန့်ညားနေသည်။

"ဟား...ချောလိုက်တာ ကိုကို"

"ဟား...လှလိုက်တာ လွှာလေးရယ်"

သူတို့နှစ်ဦးစလုံး တိုက်ဆိုင်စွာ ပြိုင်တူပြောလိုက်မိကြ၍ သဘောကျစွာ ရယ်မောလိုက်ကြသည်။

"လွှာလေး မပြီးသေးဘူးလား...လူကြီးတွေ ရောက်နေပြီ"

"ပြီးပါပြီ ကိုကိုရဲ့၊ ကိုသစ်ရော ရောက်နေပြီလား"

"အင်းပေါ့ ရောက်နေပြီ"

တိမ်ပြာသည် လွှာလေးကို ခေါ်ဆောင်လာကာ ဧည့်ခန်းခဲ့သို့ ထွက်လာလိုက်ကြသည်။ ဧည့်ခန်းထဲရောက်တော့ လူကြီးများမှာ စကားလက်ဆုံကျကာ ရယ်မောနေကြသည်။ တိမ်လွှာတို့ ထွက်လာသည်ကို မြင်ချိန်မှာတော့ အားလုံး၏ အကြည့်များသည် တိမ်လွှာ့ဆီသို့ စုပုံကျရောက်လာတော့သည်။

"သမီးလေးက အလှလေးပဲ..."

"ဦးရဲရင့်ကတော့ ချွေးမလှလှလေးရတော့မှာပဲဗျ။ ကံကောင်းချက်ကတော့"

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now