Chapter 3 (Unicode)

5.5K 451 72
                                    

မိုးရာသီ၏ မိုးနှောင်းပိုင်းကာလများသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မိုးက မရွာသလောက် ခေါင်နေခဲ့သည်။ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့လည်း မိုးရိပ်မိုးယောင် ကင်းစင်လျက် ကြည်လင်လျက်ရှိနေသည်သာ။

မိုးမရွာတော့လည်း ဘာအရေးလဲ။ ပန်းပင်လေးများကို သူကိုယ်တိုင် ဂရုတစိုက်ရေလောင်း၊ ပေါင်းသင်မည်။ သည်နေ့တော့ ကျောင်းပိတ်ရက်မို့ တိမ်ပြာ အားလပ်သည်။

ယခင်က ကျောင်းပိတ်ရက်များကို တိမ်ပြာ ပျော်မြူးနှစ်ခြိုက်ခဲ့သော်လည်း ယခုကျောင်းပိတ်ရက်များမှာတော့ တိမ်ပြာ မပျော်တော့။

ကျောင်းဖွင့်သည့် တနင်္လာမှ သောကြာနေ့များတွင် မနက်နိုးသည်နှင့် ကျောင်းတတ်ဖို့ ပြင်ဆင်နေရပြီး၊ ကျောင်းရောက်ပြန်တော့လည်း တစ်ချိန်ပြီး တစ်ချိန် စာသင်နေရသည်နှင့် ပျင်းဖို့တောင် မေ့နေသည်။

ညဆိုလည်း ကျောင်းက ပေးလိုက်သည့် အိမ်စာများကို ခေါင်းမဖော်နိုင်အောင် ကုန်းလုပ်နေရသည်။ ထိုကဲ့သို့ အလုပ်ရှုပ်သော နေ့ရက်များမှာတော့ လွှာလေးကို သူ မေ့မေ့လျော့လျော့ ဖြစ်နေခဲ့ပေမယ့် ‌သည်လို ကျောင်းပိတ်ရက်များမှာတော့ လွှာလေးကို တမ်းတမ်းတတ သတိရလွမ်းဆွတ်ရပြန်သည်။

လွှာလေးတစ်ယောက် နေလို့မှ ကောင်းရဲ့လား။ သည်အချိန်ဆို လွှာလေးရော သူ့ကို လွမ်းနေလိမ့်မလား။ သူ မရှိသည့်နောက်မှာ အစစအရာရာ အဆင်မှပြေပါ့မလား။

ကိုကို လွှာလေးကို လွမ်းလိုက်တာ လွှာလေးရယ်။

ပန်းပင်လေးများကို ရေကရားနှင့် ရေလောင်းနေသခိုက် လွှာလေးဆီသို့ သူ့စိတ်များ ရောက်နေခဲ့သည်သာ။

"ဟိတ်...ကောင်လေး"

ရုတ်တရက် သူ့အနားက ထွက်ပေါ်လာသည့် အသံကြောင့် လွှာလေးထံသို့ ရောက်နေသည့် စိတ်တွေ သူ့ဆီ ပြန်လည်လာသည်။ အသံလာရာ လှည့်ကြည့်လိုက်တော့ သူ့ကို မျက်လုံးလေး ပြူးကာ ပြုံးပြုံးလေးနှင့် စိုက်ကြည့်နေသည့် ကောင်းကင်သစ်ကို သူ မြင်လိုက်ရသည်။

"အယ်...ကိုကို၊ ဘယ်တုန်းကရောက်တာလဲ"

"အခုမှ ဘယ်တုန်းကရောက်တာလဲတဲ့။ ကိုကို ခြံရှေ့မှာ ဟွန်းတီးနေတာ မကြားဘူးလား တိမ်လေးရဲ့။ ဦးလေးကြီး ခြံတံခါးပြေးဖွင့်တာရော မမြင်ဘူးလား"

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now