Chapter 14 (Unicode)

4K 268 9
                                    

အချိန်နာရီ ရထားလေးသည် နေ့ရက်ပေါင်းများစွာနှင့် ရာသီအလီလီတို့ကို တရွေ့ရွေ့နှင့် ဖြတ်သန်ကူးပြောင်းလာခဲ့ပြီ။

မန္တလေး၏ မတ်လတွင် နေမင်းကြီးသည် သူ့၏ အပူရှိန်ကို အစွမ်းကုန် မောင်းတင်လျက် ပွက်ပွက်ဆူမတတ် ပူပြင်းသွေ့ခြောက်လျက်ရှိသည်။

အ.ထ.က (၁၆) မန္တလေး ဟူ၍ ခမ်းနားစွာ ရေးထိုးထားသည့် ကျောင်းမုခ်ဦး၏ အရှေ့တွင် ကျောင်းသား မိဘများသည် စုဝေးလျက်ရှိ၏။ ငုတ်တုပ်ထိုင်သူက ထိုင်၊ မတ်တပ်ရပ်သူက ရပ်၊ ရှေ့ပြန်နောက်ပြန် လမ်းလျှောက်သူက လျှောက်နှင့် နေအပူချိန်ကို မမှုသလိုပါပင်။

သူတို့၏ ရင်ထဲတွင် နေဆယ်စင်းထက် မကသော ပူလောင်ခြင်းမျိုးနှင့် စိုးရိမ်ပူပန်နေမည်ဆိုသည်ကို တိမ်ပြာ ကိုယ်ချင်းစာနားလည်နိုင်ပါသည်။ တိမ်ပြာကိုယ်တိုင်တောင် ဆယ်တန်းစာမေးပွဲ ဖြေဆိုနေသည့် လွှာလေးအတွက် ရင်ထဲ မီးမွေးထားသလို ပူလောင်နေရသည် မဟုတ်ပါလား။

လွှာလေး စာတွေ ဘယ်လောက်ပဲ ပိုင်နိုင်နေပါစေ တိမ်ပြာ စိုးထိတ်နေရပါသည်။ စာမေးပွဲခန်းထဲတွင် ဖြစ်လေ့ဖြစ်ထရှိသော စာဖြေသူတို့၏အကြောင်းကို တိမ်ပြာ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီး မဟုတ်ပါလား။

အကြိမ်ပေါင်းများစွာ အခေါ‌က်ခေါက် အခါခါ ‌လေ့ကျင့် ကျက်မှတ်ခဲ့သည့် စာများသည် စာမေးပွဲခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် အစအန ဖော်မရလောက်အောင် တိမ်ပြာ မေ့သွားခဲ့ဖူးသည်။ သို့သော် တခြား ရွေးချယ်စရာ အပုဒ်ကို ကံကောင်းစွာ ရနေသေး၍ တော်တော့သည်။

တိမ်ပြာ ဆယ်တန်းအောင်စာရင်း ထွက်တော့ ဘာသာစုံ ဂုဏ်ထူးများနှင့် ကိုကို့ဖေဖေ ဆရာကြီးဦးရဲရင့်၏ ‌ကိုယ်ပိုင်အထက်တန်းကျောင်းကြီး၏ ဂုဏ်ကို ဆောင်နိုင်ခဲ့သူများထဲ တစ်ဦးအပါအဝင် ဖြစ်ခဲ့ရသည်။

ဘာလိုလိုနှင့် တိမ်ပြာပင် ဆယ်တန်းအောင်ပြီး၍ ဒုတိယနှစ်ဆေးကျောင်းသားကြီး ဖြစ်ခဲ့ပြီ။ မနက်ဆိုလျှင် ကိုကိုနှင့် အတူတူ ဆိုင်ကယ်တစ်စီးထဲနှင့်‌ ကျောင်းလိုက်တတ်ရသည်။ နေ့လည် ထမင်းစားဆင်းချိန်များတွင်လည်း ကိုကိုနှင့် အတူတူပင် ကန်တင်းထိုင်ရင်း နေ့လည်စာစားခဲ့ကြသည်။ ညနေ အတန်းပြီးချိန်များမှာလည်း ကိုကိုက အတန်းစောပြီးလျှင် တိမ်ပြာ့ကို စောင့်ခေါ်ပြီး၊ တိမ်ပြာက အရင်ဆင်းလျှင်လည်း ကိုကို့ကို စောင့်ကာ အိမ်သို့ အတူတူပင် ပြန်ကြသည်။

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now