(Zawgyi)
စွဲမက်ဆီကပြန်လာပြီး လမ်းတလျောက်လုံး တွေဝေနေမိသည်။ ပြန်သာပြန်လာရပေမဲ့ စိတ်ထဲမဖြောင့်။ရေပြင်က စွဲမက်ကို သေချာဂရုစိုက်မယ်ဆိုတာသိပေမဲ့လည်းစွမ်းရည်စိတ်မအေးနိုင်ပါ။
စွဲမက်ကအခုထိအဖျားရှိသေးတယ်မဟုတ်လား။
ကားကိုဖြည်းဖြည်းမောင်းကာ အိမ်ပြန်ရောက်တော့ အန်တီမေကိုတွေ့လိုက်ရသည်။ အန်တီမေက ဦးလေးနှင့်အမျိုးမကင်းသူဖြစ်ပြီး ဆွေမျိုးစပ်ရင် သူနှင့်လည်းအမျိုးတော်၏။
" စွမ်းရည် ပြန်လာပြီလား"
"ဟုတ်ကဲ့အန်တီမေ ၊ ဦးလေးရောသွားပြီလား"
"အေးသွားပြီ ၊ သိပ်မကြာသေးပါဘူး ခုနကလေးတင်ပဲ"
"သြော် ဟုတ်ကဲ့"
"စွဲမက်ရော အဆင်ပြေလား"
အန်တီမေက သူငယ်ငယ်လေးကတည်းက အတူရှိလာတဲ့သူမို့ စွဲမက်နှင့် ရေပြင်ကိုသိထားသူဖြစ်သည်။
သို့သော် စွဲမက်နှင့်ရေပြင်တွဲနေသည့်အကြောင်းကိုတော့မသိ။
လူကြီးဆိုတော့ ဒီတိုင်းသူငယ်ချင်း၂ယောက်အတူနေသည်ဟုသာတွေးထားပုံပင်။
"ပြေတယ်အန်တီမေ ။ ညကဆေးခန်းသွားပြီးဆေး၂လုံးထိုးပေးလိုက်တာနည်းနည်းသက်သာသွားတယ်၊ဆေးပတ်လည်ရင်တော့ ကောင်းသွားမှာပါ ၊ နေ့လယ်မှ ကျွန်တော်ထပ်သွားမလို့"
"အေးအေး မင်းလဲ သွားနားဦးလေ "
"ဟုတ် ကျွန်တော်ခဏသွားအိပ်ဦးမယ်"
"အေးအေး ဗိုက်ဆာရင်အန်တီ့ကိုပြော"
အန်တီမေကို နှုတ်ဆက်ပြီး အပေါ်ထပ်အခန်းထဲကိုသာဝင်လာခဲ့သည်။
တစ်ညလုံးသေချာမအိပ်ဖြစ်တာမို့ လူကနည်းနည်းနုံးနေ၏။
စွဲမက်နည်းနည်းလေးလှုပ်လိုက်တိုင်း တစ်ခုခုများလိုအပ်သလား မျက်လုံးဖွင့်ဖွင့်ကြည့်ရတာ။ဒါ့အပြင် တစ်ညလုံးဘေးနားမှာစွဲမက်ရှိနေတာမို့ အိပ်ပျော်ဖို့တောင်မေ့သည့်အထိ စွမ်းရည်ပျော်ပါသည်။
ဒီလိုအခွင့်အရေးမျိုးက လွယ်လွယ်ကူကူမရနိုင်တာကြောင့် အခွင့်အရေးလေးရတုန်း အားပါးတရကြည့်ထားမိသည်။