(Zawgyi)
"နားနားနေနေ နေနော် ။ အရေးကြီးရင်ငါ့ကိုဖုန်းဆက်။ ပြောချင်တာရှိရင် Message ပို့ထား ဟုတ်ပြီလား အားတာနဲ့ ငါစာပြန်မယ်"အလုပ်သွားခါနီး တတီတီမှာကြားနေသည့်ရေပြင်ကြောင့်စွဲမက် ပြုံးမိသည်။
အဝတ်အစားလဲရင်း သူ့ကိုမှာနေတာများ ကလေးအမေကြီးကျလို့။
မွေ့ရာပေါ်က ဆင်းကာ အနားသွားပြီး necktieလေးကိုချည်ပေးတော့ ရေပြင်ကပြုံးသည်။
သူ့ခါးလေးကိုအသာဖက်ပြီး ငြိမ်နေတာမို့ စွဲမက်ပြုံးလိုက်ပြီး ပါးကိုနမ်းလိုက်တော့ ခပ်ဟဟရယ်၏။
မဲနက်နေပြီး စူးရှသည့် မျက်လုံးတစ်စုံ။ ယောကျာ်းဆန်သည့် မျက်နှာပေါက်နှင့် ရေပြင်က ငယ်ငယ်ကတည်းက မိန်းကလေးတွေကြားနာမည်ကြီးသေးသည်။
ကျောင်းတက်တုန်းကဆိုရေပြင်ညီတို့ စွမ်းရည်တို့ဆိုတာ ကောင်မလေးတွေဝိုင်းဝိုင်းလည်နေသည့် စော်ကြည်ဘဲလေးတွေ။
တွေးရင်း ကျောင်းသားဘဝကိုတောင်ပြန်သတိမိ၏။
"ငါသိပါတယ် ကလေးမဟုတ်ပါဘူး"
"မင်းက ကလေးမဟုတ်ဘူးလို့သာပြောတာ။ နေမကောင်းတဲ့အချိန်အတွင်း ငါ့မှာ ကလေးတစ်ယောက်ကောက်ရလိုက်သလိုပဲ ထိန်းလိုက်ရတာ"
ရေပြင်၏ စကားကြောင့်စွဲမက် နှာခေါင်းရှုံ့မိ၏။ သူ့ လက်ကို ရေပြင်လည်တိုင်လေးကိုအသာဖက်တွယ်ကာ မျက်လုံးလေးမှေးကြည့်လိုက်တော့ ပါးလေးက အဖျစ်ခံရသည်။
"ငါ့ကိုငြိုငြင်တာလား"
"မငြိုငြင်ရဲပါဘူး"
"ဟားဟား သိပါတယ်။ ငါ့ကိုစိတ်သာချ။ မင်းအလုပ်ကိုဖြောင့်ဖြောင့်သွား"
"အင်း ဆိုင်ကိုမသွားနဲ့နော် ကြားလား ။ အဖျားပြတ်အောင်နေဦး"
"ဟုတ်ကဲ့"
နှုတ်ဆက်အနမ်းပေးတော့လည်း ညင်ညင်သာသာလေး။ နဖူးလေးမှတစ်ဆင့် နှာခေါင်းလေး၊ပါးပြင်လေးကနေ နှုတ်ခမ်းလေးစီ ဆင်းသက်သွား၏။
ယာကျိကျိအထိအတွေ့ကြောင့် အသဲယားမိသည်။
ဘယ်လိုခံစာချက်လေးမှန်းမသိ။ နှလုံးသားလေး ပုရွတ်ဆိတ်ကိုက်နေသလား။