အခန်း ၁၁။ သံသရာ

208 28 10
                                    

၁၉၈၀ ကာလများဆီက ကစ်ဆာဟာ နေပူဖုန်ထူသည့် ကျေးလက်မြို့ငယ်ဖြစ်ပြီး နိုင်ငံရေးဟာလည်း ပင်လယ်ဒီရေလိုပင်အတက်အကျများလှသည်။ ၂၀၀၀ နောက်ပိုင်းအထိ တန်းမြင့်ကျောင်း (အထက်တန်းကျောင်း) တစ်ကျောင်းသာ ရှိနေခဲ့သည့် ကစ်ဆာဟာ  ဘေးနားပတ်ဝန်းကျင်နယ်လေးတွေအတွက်တော့ ပညာရှာမှီးသူတွေ စုပြုံလာသည့် ထိုခေတ်၏ နတ်ဘုံတစ်ခုလိုပင်။ ၁၉၈၅ တွင် ကျွန်တော် မက်ထရစ်တန်းကို ဂရိတ်အေ (က) နှင့်အောင်ကာ ဂုဏ်ထူး ငါးဘာသာပါခဲ့၏။ ခေါင်ကလေးက ကျွန်တော့်၏ အောင်စာရင်းအား ကျွန်တော့် သူငယ်ချင်း ချစ်ကျေးရုံအေးနှင့်အတူ ပထမဆုံး သွားကြည့်ပေးသူဖြစ်ကာ ၊ ညနေပိုင်း ရေဒီယိုမှလွင့်သည့် ဆယ်တန်းအောင်စာရင်းကိုလည်း ဂုဏ်ယူစွာနှင့် ခပ်ကျယ်ကျယ် ဖွင့်ခဲ့သည်အား ကျွန်တော်မှတ်မိသေး၏။ ထိုနှစ်က တစ်နယ်လုံးတွင် က ဖြင့်အောင်သူ လေးယောက်သာရှိခဲ့၏။ ခေါင်ကလေးသည်ကား အကြီး ဒေါ်တင်မေခက်ပြီးလျှင် ကျွန်တော်ဆယ်တန်းအောင်သည်အား သူအောင်သည့်ပမာ ပျော်နေခဲ့သူပင်။ ဖေဖေကတော့ ဘာသိဘာသာ သာ။ သူက ဒီလိုဖြစ်ကိုဖြစ်ရမည်မှန်း ခန့်မှန်းထားခဲ့သည့်နှယ်။

..............

"ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓါစ၊
အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္ထာ၊
ဓမ္မဒေသကာ စ ဒါယကာ။
ဣမေ ဒသ မဟာဂုဏေ၊
အဟံ ဝန္ဒာမိ သဗ္ဗဒါ။"

အချိန်တို့သည် သီတင်းကျွတ်ကိုကျော်ကာ တန်ဆောင်မုန်းသို့ပင် ရောက်လာ၏။ နှင်းမှုန်တို့မပြတ်တတ်သေး။ နေ၏ ပူပုံပူပန်းကလည်း ခပ်နွေးနွေး၊ ခပ်ဝါဝါ၊ ပြီးတော့ ခပ်ဖြာဖြာ။ နံနက်ချိန်ခါတေးသံသာသည် ရွှေတိုင်ညွှန့်၏ 'ရှေးရေစက်' သီချင်းမဟုတ်ပဲ ခေါင်ကလေး၏ ဌာန်ကရိုဏ်းကျကျ ဘုရားရှိခိုးသံပင်ဖြစ်၏။  နံနက်တိုင်းကြားရလေ့ရှိသော ထိုအသံသည် ကြားရတိုင်းပင် နေမျိုး၏ နားထဲ၌ ထန်းမြစ်ဖုတ်စားရသလို ဆိမ့်ဆိမ့်အိမ့်အိမ့်ရှိလှသည်။ နာရီဝက်ကျော်ကြာပြီးနောက် ထိုအသံကလေးတိတ်သွား၏။ ဖြတ်ဖြတ်လတ်သောခြေသံကို မတိုးမဖွကြားရသည်။ ထို့နောက် ကျွန်းတံခါးရွက်ကို ဆွဲဖွင့်လိုက်သံ။ မင်းတုန်း ဆုတ်ကာ တွန်းလိုက်သော ပြူတင်းတံခါး ပတ္တာတို့မှမြည်သံ။ ပြီးလျှင်တော့...။

မောင့်ပင်လယ်နီWhere stories live. Discover now