အခန်း ၇။ ပွင့်မျှောရိပ်

454 69 31
                                    

"အကယ်၍ ခေါင်ငယ်သာ ခင်များကို ရေထဲဆွဲမချသွားဘူးဆို ဒီအချိန် ခများရှိနေတဲ့နေရာက အလောင်းစင်ပါ်မှာပဲ ဖြစ်နေလိမ့်မယ် ကိုမြတ်သူ"

နေမျိုးမဟာ၏ မျက်ဝန်းများက စူးရဲ ကျဉ်းမြောင်းကာ ကျွန်တော့်အား တစ်စိုးတစိမျှအလိုမရှိဟန်ပေါ်လွင်နေသည်။ ကျွန်တော်ထိုင်နေသော ရပ်ဝန်းငယ်သည် ရုတ်တရက်ကြုံ့သွားသလိုခံစားလိုက်ရသောကြောင့် ကျွန်တော်အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ညခုနှစ်နာရီကျော်ပြီ။ ကြည်လင်ခဲ့သောကောင်းကင်ပြင်သည် မိုးသားတိမ်စိုင်တို့ခပ်ဖြည်းဖြည်းဖုံးအုပ်ခံရကာ မည်း၍မှောင်လာ၏။ အပြင်လောကသည် အမှောင်တို့ကြီးစိုးသည်။ ခဏချင်းမှာပင် သည်းသောမည်းသော မိုးတို့က အုတ်ကြွပ်မိုး‌တို့အပေါ်ကို ပြင်းပြင်းထန်ထန်ပင်ခတ်ထိ၏။ တစ်သဲသဲပါလာသော  တဝေါဝေါအသံများနှင့်အတူ လေအေးတို့က အလုံးအရင်းဝင်ရောက်လာသည်။ လေရောမိုးပါ အတော်ထန်၏။

"မငယ်။ လုပ်စရာရှိတာ သွားလုပ်။ ဦးလုံတို့ ကားသွင်းရဦးမယ်မလား"

ဒေါ်တင်မေခက်အသံဆုံးလျှင် မငယ်က အရိုအသေပေးကာ ခြေလှမ်းပြင်သည်။ ဦးညိုတို့ယောကျာ်းသား တစ်သိုက် အထူးသဖြင့် ခြံစောင့်ကြီးဦးလုံသည် ကျွန်တော့်အား မကြည်သလိုမျက်လုံးလှန်ကြည့်ကာ ခပ်ပြင်းပြင်းပင် ခြေကိုနင်း၍ထွက်သွား၏။ ရှေးရိုးဗမာတို့၏ နောက်ဆုံးကျန်သော အစေခံမျိုးရိုးများကို တွေ့လိုက်ရသလိုခံစားရသည်။ ဗြူရိုကရက်တစ် အုပ်စိုးမှုက ရေတိုက်စားခံရသော သောင်လွှာတို့လို တဖြည်းဖြည်းသဲ့ကာပြိုကျ နေပေသိ ဒီလက်ကျန်ရှေးလူကြီးများ၏ ဦးနေမျိုးမဟာအပေါ် ထားသည့် လေးစားတန်ဖိုးထားမှု အသွင်အပြင်က ကျေးတော်ကျွန်တော် ဆက်နွယ်မှုထက်ပို၍ပင် နက်ရှိုင်းပုံပေါ်သည်။

"မောင်နေမျိုး။ ပြောတာလည်းကြည့်ပြောပေါ့ကွယ်။ မောင်မြတ်သူက တစ်နယ်တစ်ကျေးကဧည့်သည်။"

နေမျိုးမဟာက ဒေါ်တင်မေခက်ကိုကြည့်ကာ သက်ပြင်းအသာချသည်။ ထို့နောက်ကျွန်တော့်ဘက်လှည့်ကာ

"ဦးလုံ က ကိုယ့်ကို အိမ်တွင်းအခြေအနေတွေ အကုန် နေ့တိုင်း တယ်လီဖုန်းနဲ့သတင်းပို့တယ်။ ဒါကြောင့် ကိုမြတ်သူရဲ့ စပ်စုချင်တဲ့ စိတ်က မကောင်းတဲ့ သဘောဆန္ဒမပါဘူးဆိုတာ ကိုယ်နားလည်တယ်။ သူ့ကိုအထိအခိုက်မခံနိုင်တဲ့စိတ်ကြောင့် ကိုမြတ်သူအပေါ် လက်လွန်ခြေလွန် ဖြစ်ခဲ့တာကို တစ်ပြန်တောင်းပန်ပါတယ်။"

မောင့်ပင်လယ်နီWhere stories live. Discover now