အခန်း ၉။ သံသရာရေပွက်ငယ်

448 62 47
                                    

"ဈေးကိုမမေးနဲ့ အလေးကိုမေးရှင် "

ငါးရံ့ခြောက်ရဲရဲတောက်တွေကို ချိန်ခွင်လျှာဇောက်ထိုးဖြစ်သည်အထိချိန်ပြနေသော ဈေးသည်မကလေးကို ကျွန်တော် မြင်းလှည်းပေါ်ကနေ ကြည့်ရင်းပြုံးမိသည်။ ချွေးတို့ရွှဲနေပေသိ သူမအပြုံးကလှ၏။ မနက်ဝေလီဝေလင်းမှာ ဈေးဦးပေါက်ကောင်းသဖြင့် မှိုရှာ မှိုတွေ့ ဆိုသလို ဝင်းပပပြုံးမြမြမျက်နှာမျိုး။ ကစ်ဆာမနက်ဈေးသည် ရေနံဆီ မီးအိမ်တို့ ဟိုတစ်စဒီတစ်စနှင့် မှိုင်းပျပျ မနက်ခင်းဝယ် လှလှပပပင် အသက်ဝင်နေသည်။ ပန်းနံ့မွှေးမွှေးကိုလည်းကျွန်တော်ရသည်။ စကားဝါပန်းအနံ့ကလေးတွေ နှာဝမယ်သင်းတော့ ခေါင်ကလေးကိုပါ ကျွန်တော် တစ်ဆက်တည်း သတိရမိပြန်၏။ သူကတော့ ထိုနေရာကိုရောက်နှင့်နေပေတော့မည်။

ဧရာသောင်ကမ်းစပ်မှတစ်ဆင့် အထက်သို့ ကျွန်တော်တို့ လှေဖြင့်ဆန်တက်ကြသည်။ ဇွဲကောင်းသော တံငါသည်များကို ဧရာမြစ်ပြင်တစ်ခွင်ဝယ် ဖန်မီးအိမ်ကလေးများဖြင့် တွေ့နေရပြီ။ တစ်ချို့က ပိုက်ပြင်နေသည်။ တစ်ချို့က ကွန်ပစ်နေ၏။ တစ်ချို့ကတော့ တစ်ဝမ်းစာ ငါးမျှားနေကြသည်။

"ငါးဇင်ရိုင်းများမတော့××××× ကြာလေလေမျှားလေမှ××× တစ်ခါတလေ အဆာပြေတွတ်သတဲ့×××× ငါးဟပ်ဖို့ ပရစ်ခွေ××× ဖြစ်ထွေနှစ်လီသရုပ်ဖော်လင်းခဲ့ပါ့×××× မဟုတ်မယွင်းမြေတလင်းမှာ ခြေဆင်းကာတူး××××"

တီရှာပတ်တိုက် လင်္ကာကို ဆွဲဆွဲငင် ရွတ်ဆိုနေသံက မြစ်ပြင်ကျယ်မှာ ခပ်လေးလေးပျံ့လွင့်နေသည်။ ရေစီးသံ ၊ လှော်တက်နှင့် ရေပွက်ခိုက်သံ၊ ကွန်ပစ်သံ တို့ကိုလွှမ်းကာ သီချင်းဆိုသံက လွမ်းလွမ်းဆွေးဆွေးပျံ့လွင့်နေသည်။ ဖေဖေက ညီလေး ကျော်စွာကိုပွေ့ကာ လှေဦးထိပ်မှာထိုင်၏။ မေမေသည်ကား ကျော်စွာ့အားမွေးမွေးပြီးချင်းပင် တိမ်းပါးခဲ့ပြီ။ နာမည်ပျက်စာရင်းဝင်ထားသော ဖေဖေ့မှာ မော်လမြိုင်သို့ ယခုအချိန်အထိမပြန်နိုင်သေးပဲ ကစ်ဆာမှာပဲ နာမည်ပြောင်းကာ သောင်တင်နေသည်မှာကြာပြီ။ မေမေ့မမ ကျွန်တော့် ‌အကြီးဖြစ်သော ဒေါ်တင်မေခက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အလုပ်ထွက်ပြီး ကျွန်တော်တို့ ညီအကိုနှစ်ဦးအား လာရောက်အုပ်ထိန်းခဲ့သည်။ ဘွားမေတို့က ဖေဖေနှင့် အကြီးကို ထပ်မံပေးစားလိုပေသိ ဖေဖေကလည်းလက်မခံသလို အကြီးကလည်းခါးခါးသီးသီး။ အခုကျော့်စွာ့အသက်ဆယ့်နှစ်နှစ်သို့ရောက်သည့်တိုင်အောင် အကြီးနဲ့ ဖေဖေက မောင်နှမအရင်းတွေလိုပင် ဆက်ဆံနေထိုင်ခဲ့ကြသည်။

မောင့်ပင်လယ်နီWhere stories live. Discover now