စကားပင်နှစ်ပင်ကြားက မျက်လုံးအစုံသည် ဖျတ်ကနဲပင်ကွယ်ပျောက်သွားသည်။ ကျော်စွာ့လက်တွေက ထိုနေရာသို့လက်ညိုးထိုးကာ
"မြင်လိုက်တယ်မဟုတ်လား အကိုမြတ်သူ။ အကိုမြင်ခဲ့တာနဲ့ အတူတူပဲ မဟုတ်လား။"
ထိုခဏမှာပင် ငြိမ်သက်နေသော ရေကန်ထဲ တစ်ခုခုပြုတ်ကျသံ ဝုန်းကနဲ ထွက်လာပြီး ရေလှိုင်းတို့ ဘောင်ဘင်ခတ်သွားသည်။ မည်သည့်အရာနည်းဟုကျွန်တော် ရှာဖွေနေစဉ်မှာပင်
"ကျော်စွာ!!!"
ခက်ထန်သော အသံသည် ကျွန်တော်တို့နောက်ပါးမှလာ၏။ လှည့်ကြည့်လိုက်သောအခါ ကျော်စွာ့နည်းတူအရပ်အမောင်းနှင့် လူတစ်ယောက်ကို မျက်နှာမသဲကွဲစွာပဲတွေ့ရသည်။ အလင်းထဲသို့တဖြည်းဖြည်းလှမ်းလာသော ထိုလူ၏ ညာလက်သည် ကျွန်တော်တို့ရှိရာတည့်တည့်ဆန့်တန်းလျက်ရှိ၏။ ပြီးနောက် ထိုလက်ထဲတွင် ဆုပ်ကိုင်ထားသည်က မောင်းတင်ပြီးသား သေနတ်တစ်လက်ဖြစ်သည်။
ထိုလူသည် အိမ်မကြီး၏ ပန်းချီကားထဲမှ ဦးနေမျိုးမဟာပင် ဖြစ်သည်ကိုတော့ ကျွန်တော်အံ့ဩချင်းကြီးစွာတွေ့လိုက်ရပါသည်။
......
ကပ်းစပ်ပေါ်ရှိ လူသုံးယောက်အနက် နှစ်ယောက်သည် ရေကန်ငယ်ကိုကျောပေးလျက်ရှိသည်။ ထိုပုံရိပ်နှစ်ခုအား ရေမျက်နှာပြင်ကို ဖြတ်ကာ သူမြင်နေရသည်။ သူတည်ရှိနေရာ နေရာသည် ရေအေးအေးတို့ဖြင့်သာ ပြည့်နက်နေသည်။ ခြေနှစ်ဖက်ကို ကျွမ်းကျင်စွာလှုပ်ရှားလိုက်ပြီး လူနှစ်ယောက်အနက် ပို၍ ဖြူဖျော့ဟန်ပေါက်သော လူအနားသို့ အသာကပ်ကာ ရေထဲမှတစ်ဆင့် သွားလိုက်သည်။ သူတို့နှစ်ယောက်က သူ့ကိုလုံးဝပင် သတိမမူမိပါ။ သူတို့သတိထားနေသည်က တစ်ဖက်က သေနတ်တင်ထားသည့် လက်ညှိုးကွေးဆီမှာသာ ဖြစ်လိမ့်မည်။
ရုတ်တရက်ဆန်စွာပဲ သူရေပြင်ပေါ်သို့ ထိုးထွက်လိုက်သည်။ မယုံနိုင်သော အံ့ဩသော ကြောက်ရွံ့သော ထိတ်လန့်နေသော စသည့် နာမဝိသေသနများစွာ ရောနှောယှက်ဖြာနေသည့် မျက်ဝန်းတစ်စုံကို သူဥပေက္ခာပြုကာ ထိုခန္ဓာကိုယ်ကို ရေအိုင်ထဲသို့ဆွဲချလိုက်တော့၏။
JE LEEST
မောင့်ပင်လယ်နီ
Overigဘဝကတိုတိုကလေး။ ခဏကလေးပဲ ကြင်နာချင်ရုံလောဘမှာ ပျော်ရွှင်မှုလေး နည်းနည်းဖြည့်စွက်လို့ရမလား။