Part(1)

23.5K 874 32
                                    

ချစ်မိခဲ့သည်ဆိုရာဝယ်(or) ချစ်သောမမနီ
အပိုင်း (၁)

ချစ်ခြင်းမေတ္တာမှာအသက်အရွယ်ကန့်သတ်ချက်တွေမလိုကြောင်း မမနီဆိုသည့်အမျိုးသမီးနဲ့တွေ့ဆုံမှလက်ခံခဲ့မိသည်။မမနီနဲ့တွေ့ဆုံခွင့်ရခဲ့တာဟာ ကံကြမ္မာကပေးတဲ့လက်ဆောင်လေးတစ်ခုဖြစ်လိမ့်မည်။ဒါမှမဟုတ် ဘုရားကပေးသနားသည့်ဆုလာဘ်လေးတစ်ခုပေါ့။မမနီဟာထိုကဲ့သို့သောမြတ်နိုးစရာကောင်းသည့်အမျိုးသမီးလေးဖြစ်သည်။မမနီဟာ ကိုယ့်အတွက်ရုန်းထွက်ဖို့ခက်တဲ့နွံအိုင်လေး၊မသိလိုက်ခင်မှာပဲ ချစ်မိစေခဲ့သည့် ရပ်ဝန်းငယ်ကလေး။

********

(ပုသိမ်ပညာရေးကောလိပ်)ဆိုသည့်ဆိုင်းဘုတ်ကြီးအားကားပေါ်မှလည်ပြန်ကြည့်ရင်း ရင်ထဲတွင် လှိုက်ခနဲဝမ်းနည်းမိသွားသည်။ကျောင်းပိတ်စေချင်ခဲ့ပေမဲ့တကယ့်တကယ် ကျောင်းပြီးကာ ပိတ်ပြီဆိုတော့လည်း ရင်ထဲလှစ်ဟာသွားပြန်သည်။နှစ်နှစ်တက်ခဲ့ရသည့်ကျောင်းကြီးကိုစွန့်ခွာရမယ်ဆိုတော့ ဝမ်းနည်းမိတာမဆန်းပါလေ။ဒီကျောင်းကြီးထဲ ပြေးလွှားပျော်ပါးစာသင်ခဲ့ချိန်တွေတွေးမိတော့ မျက်ဝန်းတွေမှာ မျက်ရည်စိုလာခဲ့သည်။
"ဖေဖေ့သမီးက ကျောင်းကြီးကိုမခွဲချင်ဘူးထင်တယ်"
ရှေ့ခန်းမှကားမောင်းနေသည့်ဖေဖေကလှမ်းစတာကြောင့် ဝသုန်ပြုံးလိုက်မိသည်။
"ဟုတ်ပါ့ဖေဖေရယ် အရင်ကကျောင်းပိတ်စေချင်ခဲ့ပေမဲ့ခုလိုကျောင်းပြီးသွားတော့လဲ ပြန်မလာရတော့ဘူးဆိုတဲ့အသိက ဝမ်းနည်းစရာတော့ကောင်းသား"
ဖေဖေကရယ်တော့မေမေကပါပြုံးနေလေသည်။ဝသုန်ကတော့ မြင်ကွင်းထဲကပျောက်သွားသည့်ကျောင်းကြီးအား ကျောခိုင်းကာ ကားနောက်ခန်းတွင်နားကြပ်လေးတပ်ပြီးသီချင်းနားထောင်ရင်း ကျောင်းကြီးနဲ့အမှတ်တရအကြောင်းတွေးမိပြန်တော့သည်။

ပုသိမ်ပညာရေးကောလိပ် တစ်နည်းအားဖြင့် ဆရာအတတ်သင်ပညာရေးကောလိပ်ဟာဆိုရင်ဖြင့် နှစ်စဥ် ဆရာ/ဆရာမလေးများအားမွေးထုတ်ပေးရာကျောင်းတော်ကြီးဖြစ်ပြီး ကလေးများအားသင်ကြားရန် သင်ကြားနည်းအစုံအား သင်ကြားပေးရာဌာနေတစ်ခုလည်းဖြစ်သည်။တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့်အခါ လျှောက်ခွင့်ရှိသည့်နေရာတစ်ခုဖြစ်ပြီး အမှတ်ပေါင်းလေးရာအထက်ရှိသူများမှာ ဝင်ခွင့်ရကြကာ တက်ရောက်ခွင့်ရသည့်နေရာဖြစ်သည်။ဒီကျောင်းကြီးမှာ နှစ်နှစ်ပဲတက်ခဲ့ရပေမဲ့သံယောဇဥ်တော့တွယ်ရသည်။ကျောင်းဝန်းဂိတ်အားဖြတ်လိုက်သည်နှင့်မြင်ရသည့်ကံ့ကော်တန်းနှင့်mainလမ်းမဟာလည်းလွမ်းမောစရာ။တစ်ကျောင်းလုံးကံ့ကော်တွေဝေတဲ့အခါ လေညှင်းနဲ့အတူပါလာတတ်သည့်ကံ့ကော်ရနံ့တွေအားရှူရှိုက်ရသည်မှာလည်း အမှတ်တရတစ်ခုပင်။ရာသီပွဲတွေနွှဲပြီး လမ်းလျှောက်ပွဲတွေသွားခဲ့ရတာလည်းမမေ့နိုင်စရာတစ်ခုသာ။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now