Part {7}

7.2K 641 22
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း {၇}

"ဆရာမ"
"ရှင့်..."
စနောက်ကာထူးပုံလေးမှာ အသည်းယားစရာပင်။
"ဆရာမအတွက်..."
လက်ထဲမှနှင်းဆီနီတစ်ပွင့်အားကမ်းပေးတော့ အံ့သြသွားသည်ထင်ရဲ့မျက်ခုံးလေးနှစ်ဖက်မှာ အပေါ်သို့တွန့်တက်သွားလေသည်။ပန်းအားယူလိုက်ပြီး တစ်ချက်နမ်းရှိုက်လိုက်တာကြောင့် ဝသုန်မှာ သဘောတကျပြုံးနေမိတော့သည်။
"မွှေးသားပဲ..ကျေးဇူးပါနော်တကူးတကယူလာပေးလို့"
ပြုံးရယ်ကာပြောနေသည့်အမျိုးသမီးအားကြည့်ကာ ဝသုန့်မှာ သဘောကျမိနေတော့သည်။ကလေးသာဆိုရင် ပါးပြင်ထက်ကပါးကွက်လေးထဲနှာခေါင်းလေးနစ်ဝင်အောင်နမ်းရှိုက်လိုက်မိချင်ရဲ့။ဆံထုံးထက်က နှင်းဆီနီတစ်ပွင့်အား မြင်လိုက်မိတော့ အပြုံးတို့မှာညှိုးကျသွားမိသည်။သူ့ကေသာထက်က တစ်ပွင့်တည်းသော ပန်းကလေးက ကိုယ့်ပန်းကလေးပဲဖြစ်စေချင်မိသည်။ဘာဆိုင်သလဲမေးရင်ဘာမှမဆိုင်ဘူးပေါ့။ဒါပေမဲ့ အတ္တတော့ကြီးချင်မိပါရဲ့။
"ဘုရားရေ..မဟုတ်မှဒီအမျိုးသမီးကို..."အတွေးတို့အားရပ်လိုက်ပြီးခေါင်းအားတစ်ချက်ခါယမ်းမိတော့ ဘာဖြစ်သလဲဆိုသည့်မျက်ဝန်းတို့ဖြင့် ကြည့်လာသည့်အမျိုးသမီး။အသာခေါင်းအားခါပြလိုက်ရင်းသက်ပြင်းသဲ့သဲ့အားချကာ နှုတ်ဆက်လိုက်မိသည်။
"ဝသုန်သွားလိုက်ပါအုံးမယ်"
"ဟုတ်ပါပြီရှင်.."
ခပ်လေးလေးခြေလှမ်းတို့ဖြင့် လျှောက်လာရင်းကလေးတွေနှုတ်ဆက်တာတောင်စကားသေချာမပြောနိုင်။အတွေးတို့ဖြင့်ရှုပ်နေတော့သည်။အခန်းထဲရောက်သည်နှင့်ရွတ်နေမိသည်မှာ"မဖြစ်နိုင်ဘူး"ဆိုတဲ့စကားပင်။
"ဟင့်အင်း..မဖြစ်နိုင်ပါဘူး။ဒီတိုင်း..ဒီတိုင်းရိုးရိုးပါ"
"ရိုးရိုးမဟုတ်ဘဲတကယ်ကြီးသဘောကျနေမိတာဆိုရင်ရော..."
"ဟင့်အင်းမဖြစ်နိုင်ပါဘူး..အသက်အများကြီးကွာနေတာကို"
တစ်ယောက်တည်းတွေးလိုက်ပြောလိုက်ဖြင့် ရှုပ်နေတော့သည်။
"သဘောကျတာမဟုတ်ပါဘူး..ဒီတိုင်းပါဟုတ်တယ်..ဒီတိုင်း..နွေနှောင်းဝသုန်ရေ နင်သဘောကျလို့မဖြစ်ဘူးနော်"
"ဆရာမလေး.."
"ဟဲ့..ဗုဒ္ဓေါ လန့်တာ ဖြေးဖြေးမခေါ်ဘူး"
"ဆရာမလေးစာသင်ချိန်ရောက်ပြီအဲ့တာကြောင့်လာခေါ်တာ"
"ဟင်..အချိန်ပြောင်းသွားပြီလား..လိုက်ခဲ့မယ်သွားနှင့်"ဆိုတော့ စာအုပ်အားယူကာ ထွက်သွားကြလေသည်။အင်္ကျီအားနည်းနည်းဆွဲချရင်းချိတ်ထဘီအား ခါလိုက်မိသည်။အနွေးထည်အားအပေါ်မှထပ်ဝတ်လိုက်ပြီး စာသင်ခန်းဆီထွက်လာလိုက်မိသည်။ဘောသင်ပုန်းပေါ်တွင် ပုစ္ဆာအားရှင်းပြကာတွက်ပေးပြီးနောက် ကလေးများအားကူးခိုင်းပြီး အခန်းထဲရှေ့နောက်ပတ်လျှောက်နေမိသည်။
"မြန်မြန်ကူးနော်..ဟိုးနောက်ကကလေးတွေမြင်ရလား"
"မြင်ရပါတယ်.."
အခန်းရှေ့အားဖြတ်ခနဲကြည့်မိတော့ ဒေါ်ပန်းမွှေ့နီနီအားတွေ့လိုက်ရသည်။
"ဆရာမလေး..ခဏနော်ကလေးတွေကိုပြောစရာလေးရှိလို့"
"ဟုတ်ကဲ့ဆရာမ..ရပါတယ်"
ကလေးများအားအခန်းဝမှရပ်ကာ ပြောစရာရှိတာများပြောနေတာကြောင့် ဝသုန်လည်းဘေသင်ပုန်းနားရပ်ကာနေမိသည်။အကြည့်တို့မှာရုတ်တရက် အခန်းဝရှိအမျိုးသမီး၏ဆံထုံးထံရောက်သွားတော့သည်။
"ဟင်.."
အံ့သြစိတ်နဲ့အတူ ဝမ်းနည်းမှုပါရောယှက်ပြီး ရင်ထဲဝယ်လှိုင်းထန်သွားရသည်။ထိုအမျိုးသမီးကတော့ မသိဘူးထင်ရဲ့ကလေးတွေအားပြောစရာရှိတာပြောပြီး ပြုံးကာ ထွက်သွားလေသည်။
"ငါပေးတဲ့ပန်းမပန်ဘူးပဲ.."စိတ်ထဲမှပြောလိုက်ရင်း မျက်ဝန်းတို့မှာ မျက်ရည်တို့ဝဲသွားမိသည်။ပန်းလေးမပန်တာကို ဘာလို့များအဲ့လောက်ထိဝမ်းနည်းမိတာလဲ။ကလေးလည်းမဟုတ်ပါဘဲနဲ့လေ။
"ဆရာမလေး..ဘာလို့ငိုနေတာလဲ"
"ဟင်"
ထိုအခါမှသတိရကာ ကျလုဆဲမျက်ရည်တွေအားသုတ်လိုက်မိသည်။
"မငိုပါဘူး..ငိုစရာလား..မျက်လုံးထဲမြေဖြူမှုန့်ဝင်သွားလို့ထင်တယ်"
"ဟုတ်မယ်..ဒီမှာတစ်ရှူးဆရာမလေး"
ပေးသည့်တစ်ရှူးအားယူကာ အခန်းပြင်ထွက်ပြီး မျက်ဝန်းတို့အား ခပ်ဖွဖွသုတ်လိုက်မိသည်။
"ကဲ..စာပြန်ဆက်သင်မယ်နော်..အချိန်လည်းသိပ်မကျန်တော့ပါဘူး"
စာထဲအားစိတ်ပြန်နှစ်လိုက်ရင်း စာသင်ချိန်ကုန်သည်ထိဆက်သင်နေမိလိုက်သည်။
"ဝသုန်ရေ..."
"ရှင်ဆရာမ"စာသင်ခန်းမှထွက်လာပြီးနားနေခန်းရှေ့ဖြတ်လျှောက်စဥ်အထဲမှဆရာမကလှမ်းခေါ်လိုက်တာကြောင့် ထူးရင်းအခန်းထဲဝင်မိလိုက်သည်။
"သမီးအချိန်အားပြီလား"
"ဟုတ်ကဲ့အားပြီဆရာမ.."
"ဒါဆို..သမီးနဲ့ဝတ်လွှာထမင်းစားပြီးရင် ဆယ်တန်းဆောင်သွားပေးပါလား"
ဘုရားရေ!ဒီဆယ်တန်းဆောင်ပဲလား။
"သမီး..အဆင်ပြေလား"
"အာ..ဟုတ်ပြေတယ်ဆရာမ..ဘာသွားလုပ်ရမှာလဲ"
"နီနီဆီမှာသမီးတို့နှစ်ယောက်စာရင်းလေးသွားကူးခိုင်းတာနော်...ဖြစ်တယ်မလား"
နီနီ..နီနီဆိုတော့ဒေါ်ပန်းမွှေ့နီနီပေါ့။တွေးမိလိုက်ရုံနဲ့ရင်ထဲမှာတင်းကျပ်သွားရပြန်သည်။မသွားဘူးပြောလျှင်မကောင်းသည်မလို့စာရွက်အားယူကာအခန်းသို့ပြန်ပြီးမမအားပြောကာ ထမင်းစားလိုက်ကြသည်။စားသောက်ပြီးတော့ သွားဖို့ပြင်မိလိုက်ကြသည်။
"သွားကြမယ်လေ"
"အင်းသွားမယ်..သူနော်ဆယ်တန်းဆောင်ဆိုရင်တက်ကြွနေတာ မရိုးဘူး"
"မဟုတ်တာပဲမမရယ် ဆယ်တန်းမှာဘယ်သူရှိလို့လဲမရိုးရအောင်"
"ဟုတ်ပါပြီ စတာပါရှင်"
အဆောင်ပေါ်မှဆင်းကာ ဆယ်တန်းဆောင်နားနေခန်းဆီဦးတည်ပြီးလာလိုက်မိသည်။အခန်းဝမှလှမ်းကြည့်လိုက်တော့ ဒေါ်ပန်းမွှေ့နီနီတစ်ယောက်သာရှိလေသည်။ခုံတန်းရှည်နှစ်ခုကိုပူးထားပြီး နံရံဘက်အခြမ်း၊လမ်းကိုကျောပေးပြီးအခန်းဝဘက်ကိုမျက်နှာမူကာထိုင်ပြီးစာရေးနေလေသည်။
"ဆရာမလေးတို့ကိုလွှတ်လိုက်တာလား..ဝင်လာကြလေ"ဟုဆိုတာကြောင့်နှစ်ယောက်လုံးဝင်လိုက်မိကြသည်။ဒီအမျိုးသမီးက လူကိုရှိန်စေသည်မှာအမှန်ပင်။သူ့ရှေ့ရောက်ရင် အပြစ်လုပ်ထားမိတဲ့ကလေးတစ်ယောက်ပမာ ကြောက်လန့်နေမိတာ။ဒါကြောင့်ပဲ ကလေးတွေက ကြောက်သည်ထင်ပါရဲ့။
"ဒီမှာ..ဆရာမလေးတို့ကူးရေးရမဲ့ဟာ"
"ဟုတ်ကဲ့"
တစ်ယောက် တစ်ဝက်ဆီခွဲယူလိုက်ပြီးရေးဖို့နေရာကြည့်မိလိုက်သည်။သူမရှေ့မှာထိုင်ရေးရင်ရပေမဲ့မရေးချင်ပေ။ဘယ်ဘက်နံရံတွင်လည်း ခုံရှည်နှစ်ခုအားပူးကာထားတာကြောင့် သွားရေးဖို့ကြံလိုက်မိသည်။ညာဘက်မှာက ဗီဒိုတွေရှိတာကြောင့်ရေးလို့မရပေ။အတွေးတောင်မဆုံးသေး မမက ခုံပေါ်ထိုင်နေလေပြီ။ဝသုန့်မှာတော့မတ်တပ်ရပ်လျှက်ကမရွေ့သေး။မမဆီသွားဖို့ပြင်တော့ ဒေါ်ပန်းမွှေ့နီနီဆီမှအသံထွက်လာလေသည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now