Part {14}

6.6K 614 12
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း (၁၄)

ဝသုန်ကျောင်းပိတ်လို့ မြို့ကိုပြန်ရောက်နေသည်မှာ တစ်ပတ်နီးနီးပင်ရှိနေလေပြီ။ဒါပေမဲ့ ဒေါ်ပန်းမွှေ့နီနီ ဆိုသည့်အမျိုးသမီးအား အရိပ်အယောင်တောင်မမြင်ရသေးပေ။"ရောက်ရောက်ချင်းဆောက်နဲ့ထွင်း"ဆိုသလိုမျိုး ဒီပြန်ရောက်တဲ့နေ့ကတည်းက ကြားရတာ မမနီက စာစစ်သွားသည်တဲ့လေ။ဝသုန်ကဒီမြို့ကိုပြန်လာတဲ့နေ့ မမနီက ပုသိမ်တက္ကသိုလ်တွင် စာစစ်ရန်သွားသည့်နေ့ပင်။ဝသုန်ဒီရောက်ချိန် မမနီကလည်း ပုသိမ်မြေကိုရောက်နေလောက်ပြီ။April တစ်ရက်နေ့ကနေ10ရက်နေ့အထိ အမှတ်စစ်မလို့ ၁၀ရက်နောက်ပိုင်းမှမမနီပြန်လာလိမ့်မည်။အမှတ်စစ်ပြီး အနားယူကြမယ်ဆိုပြီး ကမ်းခြေတစ်ခုခုအား ခရီးသွားလျှင် ဒီထက်ပိုကြာသွားမှာပင်။တစ်နေ့တစ်နေ့ ပြန်မလာသေးသည့်သူအားမျှော်ရတာလည်ပင်းတော်တော်ရှည်နေလေပြီ။ခရီးမသွားပါစေနဲ့ဆိုပြီး ဆုတောင်းရတာလည်းအမောပင်။အခုဆို ၇ရက်ရှိပြီ။နောက်သုံးလေးရက်ဆို တွေ့ရတော့မည်ထင်ရဲ့။မမနီမရှိသလို ယွန်းကလည်းရွာပြန်သွားတာကြောင့် ဝသုန်တစ်ယောက်တည်းယောင်ချာချာဖြင့်သာ။ဧပရယ်နဲ့တန်းပြဆင်းတုန်းက ကလေးတစ်ချို့ကတော့ ဝသုန်ပြန်ရောက်ပြီဆိုတည်းက ရံဖန်ရံခါ လာလည်လေ့ရှိကြသည်။သူတို့တွေလာရင်တော့ အပြင်ထွက်မုန့်စားဘာညာနှင့်အနည်းငယ်တော့ပျော်ရသည်။

"သမီးရေ..အောက်မှာဧပရယ်တို့ရောက်နေတယ်"
ပြောရင်းဆိုရင်းရောက်လာပါပြီ။ညကတည်းက လာကြမယ်ဆိုပြီးပြောထားကြခြင်းသာ။
"ရှင်တို့က လူတွေဘာတွေစုံလို့ပါလား"
"ဆရာမဆီသွားမလို့ဆိုတော့ လိုက်ကြမယ်ဆိုတာနဲ့လူများသွားတာ ဟီး"
"ဟုတ်ပါပြီ ဘယ်သွားကြမှာလဲ ခုမှကျွန်မက ကလေးဗိုလ်ဖြစ်နေပြီ"
ဝသုန်ပြောတော့အကုန်ရယ်ကြလေသည်။တကယ်လည်း ကိုယ်ဟာ ကလေးဗိုလ်ဖြစ်နေလေရဲ့။သူတို့နဲ့သွားလိုက်စားလိုက်၊တစ်ခါတစ်ရံစိတ်ကောက်လိုက်၊ဆော့လိုက်နဲ့ ကလေးကြီးဖြစ်နေပြီ။
"သားတို့ကို ယူကလစ်တန်းလိုက်ပို့ပါလားဆရာမ သားတို့မရောက်ဖူးသေးလို့"
"ဟင်!"
ယူကလစ်တန်းဆိုသည်နှင့် မမနီအားအပြေးသတိရမိသည်။ထိုယူကလစ်တန်းအားသူမနဲ့မှရောက်ခဲ့ဖူးတာမလား။သူမနဲ့ပြန်ဆုံဖို့ချိန်းထားသည်မှာလည်းထိုယူကလစ်တန်းပင်။မသွားဘူးဆိုလျှင်လည်း မကောင်းသည်မလို့ အင်းသာချလိုက်မိသည်။လူမှာဝသုန်အပါဆိုဆယ်ယောက်ပင်။အကုန်လုံးကဘတ္ထရီစက်ဘီးလေးတွေနဲ့ဖြစ်ပြီးနှစ်ယောက်တစ်တွဲစီးကြလေသည်။ကိုယ်တစ်ယောက်တည်းဆိုင်ကယ်နဲ့ကျမပြေသည်မလို့ ဧပရယ်စက်ဘီးနောက်မှထိုင်လိုက်မိသည်။
"အမတော် ကျွန်မပြုတ်ကျမယ်နော်"
"ဆရာမကလည်းအထင်သေးလိုက်တာ"
"အထင်သေးတာမဟုတ်ဘူး ရှင့်ကိုအထင်မကြီးရဲတာ သိလားဟွန့် "
"ဆရာမကလည်း..."
စက်ဘီးနောက်မှာထိုင်လိုက်ရင်း တစ်တွတ်တွတ်ပြောနေသည့်ဆရာမအား ဧပရယ် ရယ်သာရယ်နေမိတော့သည်။အနီ​ရောင်ခါးစည်းကြိုးပါသည့်ဒူးကျော်ဂါဝန်ဝဲဝဲလေးအားဝတ်ထားပြီးheadband လေးပတ်ကာ ဆံနွယ်တို့အားဖြန့်ချထားသည့်ဆရာမမှာ တစ်ခြားသူတွေမြင်လျှင် ကလေးလို့သာထင်ပေလိမ့်မည်။ဘယ်သူမှ ဆရာမပါလို့ ထင်လိမ့်မည်မဟုတ်။
"ကဲရောက်ပြီ..ဘာမှမရှိတဲ့နေရာကို သူတို့မို့လာချက်တယ်"
"ဓာတ်ပုံရိုက်ရင်လှတယ်ဆရာမရဲ့..လာ သားတို့ရိုက်ပေးမယ်"
ဓာတ်ပုံမရိုက်ချင်ရှာသူမလို့ တဖျပ်ဖျပ်ပင်။သူတို့ကလည်း နည်းနည်းလေးချီးကျူးလိုက်မိတာကို အစွမ်းတွေထုတ်ပြလို့မပြီးတော့ပေ။ဝသုန့်အား ပိုစ့်တစ်ခုပြီးတစ်ခုပေးခိုင်းကာ တစ်ပုံပြီးတစ်ပုံရိုက်နေကြတော့သည်။
"ဆရာမဒီပုံလေးတကယ်ချစ်စရာလေး အဲ့ကောင်တွေတော်သားပုံရိုက်တာ"
"လူလှလို့ပုံလှတာပါနော် ဟွန့်"
"ဟုတ်တယ် ဟုတ်တယ် ဆရာမကလှပြီးသားမလို့လှတာ"
အတိုင်အဖောက်ညီနေသည့်ဆရာတပည့်တွေရယ်ပါလေ။လျှောက်ကြည့်ချင်တယ်ဟုဆိုတာကြောင့် ဝသုန်နဲ့ဧပရယ်မှာ မမနီနှင့်ထိုင်နေကျ ကျောက်တုံးပေါ်တွင်ထိုင်ကာ သူတို့အားစောင့်နေမိတော့သည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now