Chp - 3

710 178 0
                                    

UNICODE

အပိုင်း ()

လိမ့်ရင်း လိမ့်ရင်း လိမ့်....

ပန်းသီးတစ်လုံးက မည်သည့်နေရာကမှန်းမသိ ဆာတိုးရီထံ လိမ့်လာ၏။ အနီးအနား၌ ပန်းသီးပင်လည်း မရှိ။

တစ်ခါတစ်ရံ​ သစ်သီးက ဆာတိုးရီထံ သူ့အလိုလို လိမ့်လာတတ်သည်။ တစ်စုံတစ်ယောက်က သူ့အား သစ်သီးစားခိုင်းနေသကဲ့သို့။ သစ်သီးများက တစ်ကြိမ်နှင့်တစ်ကြိမ် မတူချေ။ ရံဖန်ရံခါဆိုလျှင် ပန်းသီးဖြစ်တတ်သလို တချို့သောအခါများ၌ တည်သီးဖြစ်နေတတ်၏။ လိမ္မော်သီးလည်း ဖြစ်နိုင်သည်။

ဆာတိုးရီက စူးစမ်းလိုစိတ်ဖြင့် ဝန်းကျင်တစ်ဝိုက် ဝေ့ဝဲကြည့်၏။ ပန်းသီးက အရောင်လဲ့ကာ စားချင့်စဖွယ်ရှိ၏။ ဆာတိုးရီက ထိုအသီးအား ကောက်ယူလိုက်သော် ထင်ထားသည်ထက်ပင် အလေးချိန်ပိုစီးနေသေးသည်။ သစ်သီးက အရည်ရွှမ်း၍ဖြစ်ရမည်။

ကျလိ ကျလိ ကျလိ (ငှက်အော်သံ)

ငှက်တစ်ကောင်က ကောင်းကင်ယံ၌ ပျံဝဲနေ၏။

အေးစိမ့်စိမ်လေညင်းက တောင်ပေါ်မှသည် တောင်ခြေထံ တဖြူးဖြူးတိုက်ခတ်သည်။

ဆာတိုးရီက သစ်သီးမျက်နှာပြင်ကို အင်္ကျီစနှင့် ပွတ်လိုက်၏။ တစ်ကိုက်ကိုက်ကြည့်သော် နှစ်သက်အားရဖွယ်ရနံ့က နှာခေါင်းထဲ တိုးဝင်လာသည်။ ချိုမြိန်လွန်းသည့်ရသာမွန်လည်း လျှာထက် စွဲနေတော့၏။

__စားကောင်းလိုက်တာ။ အရမ်းစားကောင်းတယ်။

ဆာတိုးရီ၏မျက်နှာထက် အပြုံးချိုချိုဖြစ်တည်၏။

ပန်းသီးတစ်လုံးလုံးကို အားပါးတရကိုက်စားပြီးသော် ကျေနပ်အားရနေခိုက် နောက်ထပ်ပန်းသီးတစ်လုံးက သူ့ထံ လိမ့်လာပြန်သည်။ ဆာတိုးရီက ခေါင်းစောင်းလိုက်၏။ ထို့နောက် ပန်းသီးကို ကောက်ယူကာ မည်သည့်အရပ်က ရောက်လာခဲ့ကြောင်း စဥ်းစားခန်းဝင်နေတော့သည်။

(ဒုက္ခပဲ သေချင်တယ်။ မနက်စောစောစီးစီး မိစ္ဆာကပ်ဆိုးကောင်ကိုမှ လာတွေ့ရတယ်လို့။)

ဆာတိုးရီမှာ ထိုအသံကို ရုတ်တရက်ကြားလိုက်သော် ကြက်သီးထသွား၏။ အေးစက်နေသည့် လက်တစ်ဖက်က သူ့အသည်းနှလုံးအား ဆုပ်ကိုင်ချေမွေနေသလို ခံစားလိုက်ရသည်။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now