CHP - 17.3

585 132 4
                                    

UNICODE

အပိုင်း (၁၇.)

"ကိုကို.. ဆန္ဒတစ်ခုအတွက် အရာအားလုံးကို စွန့်လွှတ်တယ်ဆိုတာ ဘာသဘောလဲ?"

ညာဘက်မှ ဆိုးစုခဲ၏အမေးသံကို ကြားလိုက်သည့်အခါ ဆာတိုးရီမှာ သက်ပြင်းချမိ၏။ မော့ကြည့်လိုက်ရာ သံသယရှိစွာဖြင့် စိုက်ကြည့်နေသည့် ဆိုးစုခဲနှင့် အကြည့်ချင်းဆုံမိသည်။ ဤအကြည့်က ဆာတိုးရီ အဖြေကို သေချာပေါက်သိရှိပြီးသားဖြစ်ကြောင်း လက်ခံယုံကြည်ထားသည့်နှယ်။

ဆာတိုးရီသည်လည်း ဖြူဖတ်ဖြူရော် ဖြစ်နေချေပြီ။ နဂါးနတ်ဘုရားနှင့် ပြုလုပ်ခဲ့သည့် ကတိကို ဆိုးစုခဲသာ သိရှိသွားပါက ကြင်နာတတ်သော ဆိုးစုခဲလေးမှာ ထိုအမှုအတွက် အပြစ်မကင်းသလို ခံစားရလိမ့်မည်။

"ဘာ-ဘာမှ မဟုတ်ပါဘူး"

"...ကိုကို?"

ဆာတိုးရီလည်း မျက်လုံးမှိတ်ကာ ခေါင်းခါယမ်း၏။ ထို့နောက် ဦးခေါင်းထက်မှ လာသည့် မိုးကြိုးနှင့်တူသော အသံတစ်သံကို ကြားလိုက်ရလေသည်။

"မသေမျိုး အဲ့တစ္ဆေငယ်လေးက မင်းနဲ့ တွေ့ချင်လွန်းလို့ဆိုပြီး ငါနဲ့ အပေးအယူတစ်ခု လုပ်ခဲ့တာ.. မင်းက အရာအားလုံးကို စွန့်လွှတ်ဖို့အထိ သူ့ကို လိုအပ်တယ်လို့ မတွေးတော့တဲ့အချိန်မှာ သူ့ရဲ့တည်ရှိမှုက ပျောက်ကွယ်သွားရလိမ့်မယ်လို့"

ဆိုးစုခဲမှာ နဂါးနတ်ဘုရား​၏စကားကို ကြားပြီးနောက် မျက်နှာတစ်ပြင်လုံး သွေးဆုတ်သွား၏။ ထိတ်လန့်သွားဟန်ဖြင့် ဆာတိုးရီအား တစ်ချက်ကြည့်လိုက်လေသည်။

"သူ ပြောတဲ့အတိုင်း တကယ်လား?"

__အခုတော့ ဆိုးစုခဲ အကုန်သိသွားပြီ။ ငါ မသိစေချင်ဘူးဆိုတာတောင်မှ။

ဆာတိုးရီက သူ့နှုတ်ခမ်းသူ ဖွဖွလေး ကိုက်ပြီး မျက်နှာအောက်ချလျက် ခေါင်းခါလိုက်သည်။

ဆာတိုးရီ၏ဆန္ဒမှာ ဆိုးစုခဲအား နောက်ထပ်တစ်ခါ တွေ့ဆုံခွင့်ရရန်လေးသာ။ ဆိုးစုခဲကိုသာ တွေ့နိုင်ပါက၊ အသံလေးကို ကြားနိုင်ပါက၊ ဖြစ်နိုင်လျှင် ခေတ္တမျှ အတူတူအချိန်ဖြုန်းနိုင်ပါက လုံလောက်သွားပြီ။ ဝမ်းနည်းမှုဖြင့် ဆိုးစုခဲထံမှ ထွက်ခွာမသွားချင်။ သူ့ကြောင့်လည်း ဆိုးစုခဲအား ဝမ်းမနည်းစေချင်။ ယခင်က မည်သူကမျှ မလိုချင်ခဲ့သော ဆာတိုးရီသည် အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်မထားဖူးချေ။ တစ်စုံတစ်ယောက်ကို တွေ့ဆုံခြင်း၊ တစ်ဦးအပေါ် တစ်ဦး လွှမ်းမိုးနိုင်ခြင်းတို့က တစ်ဖက်သတ်တည်း လုပ်၍ မရနိုင်ကြောင်း မသိခဲ့။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now