CHP - 14

635 148 3
                                    

UNICODE

အပိုင်း (၁၄)

ဆာတိုးရီ၌ မည်မည်ရရအကြောင်းရင်းရှိ၍ အိမ်ခန်းထဲမှ ထွက်သွားခြင်းမဟုတ်။ သို့သော် ဆိုးစုခဲက သူ့အတွေးများကို မကြားစေချင်သရွေ့ ဆာတိုးရီသည် မည်သည်ကိုမျှ မကြားဟန် ဆောင်ရင်း အခန်းထဲ ဆက်နေဖို့ရာ အကြောင်းမရှိတော့။

ဆာတိုးရီသည် လက်မောင်းဆန့်ကာ လရောင်အောက် လက်ဖြန့်လိုက်၏။ သို့သော် ဆိုးစုခဲနှင့်သူ့အား ဆက်သွယ်ပေးထားသည့် ကြိုးမျှင်လေးကိုဖြင့် မမြင်ရတော့ချေ။ အကြောင်းမှာ သူတို့နှစ်ဦး ပြန်ဆုံတွေ့ပြီးကတည်းက ကြိုးမျှင်လေးက ပြတ်တောက်သွားသည့်အတွက်။ သို့သည့်တိုင် ဆာတိုးရီသည် နေရာအနှံ့ ရှာဖွေနေမိတုန်းပင်။ သူတို့နှစ်ဦးအား ဆွဲဆန့်ပေးထားဦးမည့် ကြိုးမျှင်လေးကို တွေ့လိုတွေ့ငြား။

(သူ ငါ့ကို အရမ်းမကြောက်သွားလို့ တော်ပါသေးတယ်။)

ဆိုးစုခဲက ဤသို့ ကြောက်ချင်ကြောက်နေလိမ့်မည်။ သို့သော် ဆာတိုးရီ မနာကျင်စေရေးအတွက် ဟန်ဆောင်ထားသည်လည်း ဖြစ်နိုင်သည်ပဲ။

ထိုအတွေးကြောင့် ဆာတိုးရီ အားငယ်လာမိပြန်သည်။ ထို့နောက် မျက်ခွံကို ပွတ်လိုက်၏။

(အား ဒါ ဆာတိုးရီပဲ။ ဒီလိုနေရာမျိုးမှာ ဘာလုပ်နေတာပါလိမ့်?)

ဆာတိုးရီသည် အသံလာရာလမ်းကြောင်းကို ရှာဖွေမိသည်။ ထို့နောက် နတ်ကွန်း၏အဝင်မုခ်ထိပ်၌ ထိုင်နေသည့် မြေခွေးတစ္ဆေကို တွေ့လိုက်ရ၏။

(ငါက မင်းလို တစ္ဆေမျိုးကို အရမ်းရွံတာကွ သိရဲ့လား...)

မြေခွေးတစ္ဆေ၏မျက်လုံးများက အမှောင်ထုထဲ နီရဲနေသည်။

ရုတ်တရက် မြေခွေးတစ္ဆေက ထအူလေရာ အခြားမြေခွေးမြောက်များစွာက အဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာကြ၏။ သစ်ရွက်ရိပ်များသည်လည်း လေတိုက်တိုင်း ယိမ်းနေရာ ရှူးရှူးရှဲရှဲအသံများ စူးခနဲ မြည်လာပြန်သည်။ အမှောင်ယံဝယ် နီရဲတောက်ပနေသည့် မျက်လုံးများတစ်ပုံတစ်ပင်က ဆာတိုးရီကို စိုက်ကြည့်နေကြ၏။ မြေခွေးတစ္ဆေက ပါးစပ်ကို ကွေးညွှတ်၍ လှောင်ပြုံးပြုံးလိုက်သည်။ ထိုအခြင်းအရာကြောင့် ဆာတိုးရီ ထိတ်လန့်သွား၏။ သတိလက်လွတ်ဖြင့် အနောက်ဆုတ်လိုက်ရာ ခြေခေါက်မိပြီး ဖင်ထိုင်လျက်သား လဲကျသွားလေသည်။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now