ဆိုတော့..အဖေXu က ငါးနှစ်လုံးလုံး သူ့ကို လာမတွေ့ရတဲ့ အကြောင်းအရင်းက ဒီဟာကြောင့်ပဲပေါ့? သူက သူ့ရဲ့ အကြီးဆုံးသားကို လွတ်မြောက်အောင် လုပ်ပေးနိုင်တာတောင်
သူ့ရဲ့ အဖိုးတန်သားလေး ရှုရှင်းနျန် ရှိနေတာကြောင့်လား? ဒါမှမဟုတ် သူချစ်ရတဲ့ အဖိုးကို စစ်နျန်ကိုယ်တိုင် လုပ်ကြံလိုက်တာလို့ သူတကယ်ထင်နေခဲ့တာလား ?!
အဲ့ဒီနေ့က သွေးလွှမ်းနေတဲ့ အခန်းနဲ့ ဖိုးဖိုးရဲ့နောက်ဆုံး ပုံပန်းသဏ္ဍာန်က ရုတ်တရက် သူ့စိတ်ထဲ ဝင်ရောက်လာခဲ့သည့်အခါ သူ့အရေပြား၊ ခြေလက်တို့တောင် သတိမထားမိလောက်အောင်ထိ အမုန်းတရားကြောင့် သူ့တစ်ကိုယ်လုံး အေးစက်နေခဲ့၏။
" အကို Xu.. အဆင်ပြေလား? ဘာလို့ အရမ်း ကြည့်ရဆိုးနေရတာလဲ ? အပူလျှပ်သွားတာတော့ မဟုတ်လောက်ပါဘူးနော်? ခဏလောက် မြန်မြန် ထိုင်ချလိုက်! "
ရှောင်ကျွင်း ရဲ့ အသံကျယ်ကြီးက ရှုစစ်နျန် ကို သတိပြန်ဝင်လာစေခဲ့ရုံသာမက မနီးမဝေးက ထောင်စောင့်ရဲ့ အာရုံကိုပါ မတော်တဆ ဆွဲဆောင်မိသွားလေ၏။
" ဟေး..ဘာလို့ အလုပ်မလုပ်ကြတာလဲကွ!
ဒီနေ့အတွက် အပြီးမသတ်နိုင်လို့ကတော့ ထမင်းစားခွင့်ရမလား ကြည့်လိုက်လေ! "
အဆီတွေ အတုံးလိုက်အတစ်လိုက်နဲ့ ဖက်တီး ထောင်စောင့်ကြီးက နံပါတ်တုတ်ကိုင်ပြီး လျှောက်လာခဲ့၏။ သူ့ရဲ့ သုံးမြှောင့်သဏ္ဍာန်မျက်လုံးတွေက အဆီတွေ ဖျစ်ညစ်ထားမှုကြောင့် မမြင်ရလုနီးပါးပင်ဖြစ်သော်လည်း ရက်စက်မှုတို့ လျှံကျနေလျက်...
ထောင်တွင်း အကြမ်းဖက်မှုက အပြင်ဘက်ကထက် ပိုဆိုးသည်။
မိန်ရှန်းထောင်ရဲ့ ဒုတိယစီရီစုအတွင်း ရှိတဲ့သူတွေအားလုံးက ပါဝါအာဏာမရှိ ၊ နောက်ခံမရှိ ၊ ဘယ်သူကမှ မလိုချင်တဲ့ ထောင်သားတွေဖြစ်သည်။ သူတို့တွေက ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေကိုသာ နေ့တိုင်း လုပ်ကြရ၏။ ဥပမာ အခုလို သတ္တုတူးရတာလိုမျိုး..။ လေမုန်တိုင်းတိုက်တာ ၊ မိုးရွာတာ၊ ထမင်းစားတာ နဲ့ အိပ်စက်တာတွေက ဒီကလူတွေနဲ့ လုံးဝ မသက်ဆိုင်သော အလုပ်ပင် ။ ထို့အပြင် ထောင်စောင့်တွေကလည်း သူတို့ကို လူသားတစ်ယောက်လို လုံးဝ မဆက်ဆံကြ။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...
