တိတ်ဆိတ်တဲ့ ညချမ်းမှာ ဖက်ထုပ်တွေ ပြင်ဆင်ပြီးသွားတဲ့ ရှုစစ်နျန်က နောက်ဆုံးတော့ မီးဖိုချောင်အပြင်ဘက် ထွက်လာတော့၏။ ချွီချန်းက ဧည့်ခန်းကဆိုဖာပေါ်မှာ အိပ်ပျော်သွားပြီဖြစ်သည်။
ဒီလိုအရပ်ရှည်ရှည်လူတစ်ယောက်က ဆိုဖာသေးသေးလေးပေါ်မှာ ကွေးပြီးအိပ်ပျော်နေတာက အနည်းငယ်တော့ သနားစရာကောင်းပုံ ပေါ်လေသည်။ သူ့ရဲ့စျေးကြီးတဲ့ ဝတ်စုံက တွန့်ကြေနေပြီး သူ့ရဲ့ အနက်ရောင် လက်ပြတ်အင်္ကျီလေးမှာ သွားရည်တွေနဲ့ စိုရွှဲနေလေသည်။ သူ့ခေါင်းက ရှုပ်ပွနေလေကာ သူ့မေးကိုတော့ အနည်းငယ် မြှင့်လို့ထား၏။ သူ့ပုံစံက ဆန်ကုန်မြေလေးတစ်ယောက်ပုံ ပေါက်နေတာကြောင့် သူဘယ်လိုပင်ကြည့်ပါစေ ပျော်ရွှင်လာသလို ခံစားရလေ၏။
ရှုစစ်နျန်က ခဏလောက် တုန့်ဆိုင်းနေသေးသော်လည်း ထိုသူ့ကို လွှမ်းခြုံပေးဖို့ စောင်တစ်ထည်ယူရန် အခန်းထဲ ပြန်လာခဲ့သည်။
ထိုသူ့ကို အနီးကပ် ကြည့်ရှုလေလေ ထိုသူက တကယ်ချောမောတယ်ဆိုတာကို ရှာတွေ့လေလေပင်။ သူ့ရဲ့ အေးစက်စက် မျက်နှာပုံစံက ပြေလျော့သွားသည်နဲ့ချက်ချင်း နှစ်လိုဖွယ်ပုံစံလေး ဖြစ်လာတော့သည်။ သူသာ ထိုသူရဲ့သရုပ်မှန် ကို သိမနေဘူးဆိုရင် ဒီလိုလူတစ်ယောက်က ပါဝါကြီးတဲ့ ဂိုဏ်းစတားဘော့စ်တစ်ယောက်ဖြစ်တယ် ဆိုတာကို စိတ်ကူးကြည့်ဖို့ ခက်ခဲလေသည်။
ရှုစစ်နျန်က သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့လေသည်။ သူ အသိပြန်ဝင်လာချိန်မှာတော့ သူ လုပ်နေတဲ့အရာကို သူ သတိထားမိလိုက်၏။ ရှုစစ်နျန်ဆစ်ယောက် ရှက်ရွံ့သွားရကာ အိပ်ခန်းထဲသို့ မြန်မြန် လှည့်ဝင်သွားတော့သည်။
ရုတ်ချည်း ဆိုသလို နေအိမ်တစ်ခုလုံး မီးရောင် ပျောက်ကွယ်သွားပြီး မှိန်ပျပျအလင်းရောင်လေးသာ ကျန်ရစ်ခဲ့လေသည်။ သို့သော် ထိုအချိန်မှာ ချွီချန်ရဲ့မျက်လုံးတို့ ပွင့်လာခဲ့ပြီး ရှုစစ်နျန်ရဲ့ အခန်းလေးဆီသို့ အချိန် တော်တော်ကြာ စိုက်ကြည့်နေခဲ့သည်မှာ အိပ်ခန်းထဲမှ ဟောက်သံသေးသေးလေး ထွက်မလာခင်အထိပင်။ ထို့နောက် သူ တိတ်တဆိတ် ထရပ်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ အထဲ ဝင်သွားတော့၏။
(T/N လူဆိုးတွေက ညမအိပ်ဘူးဆိုတာ အမှန်ပဲ🤧)
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...
