"ဒေါက် ဒေါက်"
သူ အငဲရဲ့ အခန်းတံခါးကို သာသာလေး ခေါက်လိုက်သည်။
လက်ဖက်ခင်းထဲ လိုက်မယ်လို့ ပြောထားသည့် အငဲက ခုထိ အိပ်ရာ နိုးသေးပုံမရပေ။
နိုင်ယံခန့် ပုံမှန် အိပ်ရာထချိန်က မနက် ၅ နာရီ ဖြစ်ပြီး ၆ နာရီဆိုလျှင် စိုက်ခင်းထဲဆင်းဖို့ အဆင်သင့် ဖြစ်နေပြီ။
"အငဲ"
သူ အသံပေးလိုက်ပြီးမကြာ တံခါးလာဖွင့်သော အငဲသည် အိပ်မှုံစုံမွှားနဲ့ သူ့အား မော့ကြည့်လေ၏။
"အိပ်ရေး မဝသေးရင်လည်း ဆက်အိပ်လေ...ကိုလတ် တစ်ယောက်တည်း သွားလိုက်မယ်"
"လိုက်မှာ"
"အဲ့တာဆို အိမ်အောက်ထပ်ကနေ စောင့်နေမယ် ဟုတ်ပြီလား"
"ဟုတ်"
သူ အောက်ထပ်သို့ ဆင်းနှင့်တော့ အမေက မနက်စာ စားသွားဖို့ ပြော၏။ အမေက အငဲကြိုက်သည့် တို့ဟူးနွေး လုပ်ထားတာမို့ သူ ထမင်းစားခန်းထဲတွင် အငဲ ဆင်းအလာကို စောင့်နေလိုက်သည်။
"မင်္ဂလာ နံနက်ခင်းပါ"
"မေ့သားလေး မရှိရင် အမေတို့အိမ်က ခြောက်ကပ်နေရော"
အမေပြောသလိုပဲ သူတို့အိမ်မှာ အငဲက ဆည်းလည်းသံလေး။
"မေမေ...သား Gym ကစားရမလားဟင်"
"ဟယ် မေမေ့သား ပင်ပန်းမှာပေါ့"
"သားက ကိုလတ်တို့လို အရပ်မရှည်ရင်ရော"
"ဒီတိုင်းလေးလည်း ကြည့်ကောင်းပါတယ် ငါ့သားရဲ့"
မနေ့က အငဲ အရပ်နဲ့ပါတ်သက်ပြီး သူ စလိုက်တာကြောင့် အငဲမှာ Insecurity ဖြစ်မှုကို ခံစားသွားရသလားဆိုပြီး နိုင်ယံ စိတ်ထဲမကောင်း။
အငဲက ကျန်းမာရေး ချူချာသည့် ကလေးမို့ ခန္ဓာကိုယ်က သိပ် မသန်မာပေ။
သူတို့ အစ်ကို သုံးယောက်က တက္ကသိုလ် ပထမနှစ် စတက်ကတည်းက အရပ် ၆ ပေနီးပါး ရှိကြပေမဲ့ အငဲကတော့ ၅ ပေ ၅လက်မ သာသာလေး။
"အငဲ"
"ဗျာ"
"လူတစ်ယောက်မှာ စိတ်နေစိတ်ထား ကောင်းမွန်ဖို့က အဓိကလို့ ကိုလတ် အမြဲ ပြောတယ် မဟုတ်လား"