ဒီနေ့ အကျတ်နေ့ဆိုပေမဲ့ လွမ်း နေမကောင်း၍ ဘုန်းကြီးကျောင်း မသွားဖြစ်။
အခန်းထဲမှာချည်း နေရတာ ငြီးငွေ့ပြီမို့ သူ အစ်ကို John နှင့်အတူ ဆိုင်ကယ်စီး ထွက်လာမိသည်။ အမေက အဝေးကြီး မသွားနဲ့လို့ မှာထားသော်လည်း နေကြာပန်းခင်းတွေ ဘက်အထိ ရောက်မှ သူ အစ်ကို့ကို ဆိုင်ကယ် ရပ်စေလိုက်၏။"အစ်ကို သဘက်ခါ ပြန်တော့မှာပေါ့နော်"
နေကြာပန်းခင်း နှစ်ခုရဲ့အလယ်ရှိ မြေနီလမ်းကလေးပေါ် တွင် လမ်းလျှောက်ရင်း သူ မေးတော့ အစ်ကိုက ပြုံးလျက် ခေါင်းညိတ်ပြသည်။
"ဟို တောင်ကုန်းလေးပေါ်အထိ တက်ကြမလား...လွမ်း တက်နိုင်လား"
"ဟုတ်"
တောင်ကုန်းပေါ်ရှိ သစ်ချသီးပင်ကြီးရဲ့ အောက်တွင် နေကြာခင်း ပိုင်ရှင်က သစ်သားခုံတန်းလေးတွေ လုပ်ပေးထားတော့ ရှုခင်း ထိုင်ကြည့်ဖို့ အဆင်သင့်သွား၏။
"လေကာတဲ့ဘက်မှာ ထိုင်"
"ဟုတ်ကဲ့"
အပေါ်ကနေ တပြန့်တပြော မြင်ရသော အဝါရောင် နေကြာပန်းခင်းကြီးကို ကြည့်ကာ လွမ်း ပြုံးလိုက်မိပါသည်။ သူတို့ ငယ်ငယ်ကဆို ဒီနေရာမှာ သူနှင့်ရွယ်တူ သူငယ်ချင်းတွေ လာကစားကြလေ့ရှိပေမဲ့ သူကတော့ တစ်ခါတလေမှသာ ရောက်ဖူးတာ ဖြစ်သည်။
"လှတယ်နော် အစ်ကို"
"အင်း"
သူ အစ်ကို့ကို လှည့်ကြည့် ပြောလိုက်တော့ အစ်ကို့ မျက်ဝန်းတွေရဲ့လားရာက နေကြာပန်းခင်းဆီမှာ မရှိဘဲ သူ့မျက်နှာပေါ်မှာ။
ကြာတော့ အစ်ကို့ရဲ့ချစ်စနိုးနား နိုင်လှသော အကြည့်များကြား နေရခက်မည့်အစား လွမ်းရင်ထဲက နွေးလာတတ်ပြီ။
ဒီခံစားချက်က ဘယ်လို အဓိပ္ပါယ်မျိုးလဲတော့ သူ သေချာ မသိ။
"အစ်ကို့ မျက်ဝန်းတွေက ဘာအရောင် ခေါ်လဲဟင်"
"ပယင်းရောင်လို့ ပြောကြတာပဲ"
အစ်ကိုတို့ သူငယ်ချင်းတွေထဲမှာ အစ်ကိုကလည်း အစ်ကိုIsaac လိုပဲ ကပြားရုပ်ထွက်သည်။ သူ သတိထားမိတာက အစ်ကို့ မျက်ဝန်းတွေဟာ ကြည့်လေ ဆွဲဆောင်မှု ရှိလေပင်။