"Ring Ring Ring"သောကြာနေ့ည ၉ နာရီခွဲအချိန်တွင် ခွန်ဦးဆီမှ ဇေရှိန်ဟန်ဆီသို့ ဖုန်းဝင်လာခဲ့သည်။
"Hello"
"ရှိန်ဇေရေ...ဒီမှာ လွမ်းလေ... အဖျားတွေတက်နေလို့ မင်းလာရင် ကောင်းမယ် ထင်တယ်"
"ငါ အခုချက်ချင်း လာခဲ့မယ်"
"အေး...မင်းရောက်ရင် ဖုန်းတစ်ချက် ပြန်ခေါ်လိုက်...ငါ ခြံတံခါး လာဖွင့်ပေးမှာမို့"
"အေးအေး"
ခွန်ဦး ဖုန်းချသွားတော့
ဇေရှိန်ဟန် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး သူ မအိပ်ခင်က ချွတ်ထားတဲ့ Sweatshirt ကို ပြန်ကောက်ဝတ်လိုက်သည်။သူ ဆိုင်ကယ်သော့ ဆွဲကာ အောက်ထပ်သို့ လျင်လျင်မြန်မြန်ဆင်းသွားတော့ ခြံထဲမှာ ဖုန်းထွက်ပြောနေတဲ့ ကျော်ဇောက လှေထားထစ်တွေပေါ် မော့ကြည့်လာ၏။
"ဒီအချိန်ကြီး ဘယ်လဲ ရှိန်ဇေ"
"အငဲ နေမကောင်းလို့တဲ့...အဲဒါ သွားကြည့်မလို့...မရိုမသေ ငါ့ကို ခြံတံခါး တစ်ချက်လောက် ဖွင့်ပေးပါလား"
ဖုန်းပြောနေရင်း တန်းလန်းဖြင့် ကျော်ဇောက ခြံတံခါး ဖွင့်ပေးတော့ ဇေရှိန်ဟန် ဆိုင်ကယ်ကို ခြံပြင်ရောက်အောင် တွန်းထွက်လိုက်သည်။ ခြံဝန်းထဲမှာတင် ဆိုင်ကယ် စက်နှိုးလိုက်ရင် ခုချိန် အိပ်နေမည့် တခြားလူတွေ အနှောင့်အယှက်ဖြစ်မှာစိုး၍ ဖြစ်သည်။ ဒီနေ့ Site ထဲမှာ သူတို့အင်ဂျင်နီယာတွေရော ဆောက်လုပ်ရေးဝန်ထမ်း တွေပါ အလုပ် ပင်ပန်းခဲ့ကြသည် မဟုတ်လား။
"ကျေးဇူးပဲ ကျော်ဇော"
"မင်း ပြန်လာမှာ မလား"
"ငါ အငဲတို့ အဆောင်မှာပဲ တစ်ညလုံး နေဖြစ်ရင် နေဖြစ်မှာမို့ ခြံတံခါး သော့ပြန်ခတ်လိုက်တော့ ရတယ်"
"အေးပါ"
ဇေရှိန်ဟန် ဆိုင်ကယ် မောင်းထွက်လာပြီး သုံးမိနစ်လောက်နေတော့ အငဲတို့ အဆောင်သို့ ရောက်ပါသည်။ ဆိုင်ကယ်ကို စက်မသတ်ဘဲ ရပ်လိုက်ရင်း သူ ခွန်ဦးကို ဖုန်းဆက်လိုက်တော့ ခွန်ဦးက ခြံတံခါး လာဖွင့်ပေး၏။