"ကန်တော့ပစ္စည်းတွေ စုံပြီလား"
"စုံပြီအမေ...အဘွားတို့အိမ်၊ကြီးကြီးတို့အိမ်၊ဦးကြီးတို့အိမ် ပြီးတော့ ဘွားယိမ်းတို့အိမ်...ဒါပဲမလား"
"အင်း...အကုန်စုံတယ်...ခြင်းတွေ ကားပေါ်တင်တော့"
"ဟုတ်ကဲ့"
သီတင်းကျွတ် လပြည့်နေ့ဖြစ်၍ သျှားရင့်တို့ သားအမိလည်း အသက်၊ဝါ ကြီးရင့်သူတွေကို ကန်တော့သွားကြရမည် ဖြစ်သည်။ အခါကြီး ရက်ကြီးတွေဆို သျှားရင့် အဖေ့ကိုတော့ သတိရမိသား။ အဖေနှင့်အမေ ကွဲပြီးနောက်ပိုင်း
သူ အဖေ့ကို မကန်တော့ဖြစ်သလို အဖေ့ဘက်က အမျိုးတွေဆီလည်း မသွားဖြစ်တော့တာပင်။အမေကတော့ နှစ်တိုင်း "သား သွားချင်ရင် သွားလေ" လို့ ပြောပေမယ့် ကလေးအုပ်ထိန်းခွင့်နှင့်ပတ်သက်၍ အဖေ့အသိုင်းအဝိုင်းကလူတွေ အမေ့အပေါ်
ဖိနှိပ်ဆက်ဆံခဲ့တာတွေကို ပြန်တွေးကြည့်ရင် ဆွေခန်းမျိုးခန်း မပြတ်နိုင်စရာ အကြောင်းမရှိ။ အဖေ့ဘက်က အဖိုး၊အဖွားတွေ ပေးသမျှလည်း သူဘာမှ လက်မခံတော့တာ အခုချိန်အထိပင်။"အေးချမ်းတို့သားအမိလည်း လာပါပြီ"
"ဘာချက်လဲ အမေ...သမီးတို့သားအမိ အိမ်ကနေ ဘာမှ စားမလာဘူး"
"ချက်ထားပါတယ်တော်...အစုံအလင်ပဲ...မင်းမြတ်တို့သားအမိ တတွေနဲ့ အတူတူ တစ်ခါတည်း ဝိုင်းစားလိုက်ကြ"
"လာ...ဒေါ်ဒေါ်အေးချမ်း...ငါ့ညီသျှားရင့်က ဒီမှာထိုင်"
အမေ့ရဲ့အမေဖြစ်တဲ့ အဖွားတို့အိမ်ကိုရောက်တော့ ဦးလေး၊ အဒေါ်တွေအပြင် ဝမ်းကွဲမောင်နှမတွေကိုလည်း စုံစုံလင်လင် တွေ့ရ၏။ တန်ခူး၊ သီတင်းကျွတ်ဆိုရင် အဖွားတို့အိမ်က ထမင်း၊ဟင်းတွေ အများကြီး ချက်ပြီး လာသမျှ သားသမီး၊မြေးမြစ်တွေကို အလျှံပယ် ကျွေးမွေးလေ့ရှိသည်။ သျှားရင့်ကတော့ ထမင်းနည်းနည်းပဲ စားပြီး မုန့်အချိုပွဲတွေကိုသာ များများ စားဖြစ်ပါသည်။
"နေ့လယ်စာက ကြီးကြီးတို့အိမ်မှာ သွားစားကြမယ်"
"ညနေစာက ဦးကြီးတို့အိမ်"
သျှားရင့်တို့တွေ အဖွားကို ကန်တော့ကြပြီး ခဏနေတော့ ကြီးကြီးတို့အိမ်ဘက်ကို ကူးကြပါသည်။ ဝမ်းကွဲ အစ်ကို၊ အစ်မတွေက နေ့လယ်စာကို ကြီးကြီးတို့အိမ်မှာကျွေးသည့် ရွှေတောင်ခေါက်ဆွဲ စားကြပေမယ့် သျှားရင့်ကတော့ ဗိုက်ပြည့်နေ၍ အအီပြေ စတော်ဘယ်ရီ ဖျော်ရည်တစ်ခွက်ပဲ သောက်ဖြစ်၏။