သျှားရင့် အိမ်ထဲသို့ ဝင်သွားတော့ ဧည့်ခန်းတွင် ထိုင်နေသည့် အမေက သူ့ကို ပြုံးစစ ကြည့်လာ၏။
"မအေကို ပြန်နှင့်ပါဆိုပြီး အခြေအနေကောင်းမလာရင်တော့ မဟုတ်သေးဘူးနော်"
တကယ်တော့ အမေ့ဝန်ထမ်းတွေ ကန်တော့လာကြမှာက အမေ ဘုရားမီးပူဇော်ပြီးပြန်လာချိန်မှသာ ဖြစ်သည်။
"ဒီည စဥ်းစားပေးမယ်တဲ့"
"အရုဏ်ဦးက လက်ခံမယ်လို့ ထင်လား"
"50/50 ပဲ အမေ"
"အငြင်းခံရရင်တော့ ကြည့်ကောင်းဦးမယ်"
"အဲဒီလို ဆိုရင်လည်း ဘယ်တတ်နိုင်မလဲ...ထပ်ကြိုးစားရမှာပေါ့"
"အရုဏ်ဦးလေးက ရည်းစားထားဖို့ အချိန်ရော ပေးနိုင်ပါ့မလား...ဒီမှာ MBBS ပြီးတာနဲ့ Germany ကို Scholor လျှောက်ဖို့ ပြင်ဆင်နေတယ်တဲ့"
အဲဒီအကြောင်းကိုတော့ အမေပြောမှပဲ သျှားရင့် သိခြင်း။ သူ အရုဏ်ဦးနှင့်ပတ်သက်၍ သိချင်သမျှကို Date လုပ်ရင်းနဲ့ ပိုသိလာဖို့ မျှော်လင့်နေမိတာပင်။
"ကျွန်တော် သူ့အဖြေကို စောင့်လိုက်ပါဦးမယ်"
"အင်း...အဆင်ပြေမှာပါ...သွားနားတော့"
သျှားရင့် အိမ်ပေါ်ထပ်ရှိ သူ့အခန်းထဲကိုရောက်တော့ အရင်ဆုံး လျှံသောတကို ဖုန်းခေါ်လိုက်သည်။ လျှံသောက ပထမတစ်ခါ ခေါ်တော့ မကိုင်ပေမယ့် ဒုတိယတစ်ကြိမ် ထပ်ခေါ်တော့မှ ဖုန်းဖြေလာ၏။
"Hello...သျှား ပြော...ငါ အစောက ခေါင်းလျှော်နေလို့"
"အခုရော ရေချိုးလို့ ပြီးပြီလား"
"ရေချိုးရင်း တန်းလန်းကြီး"
"အေး အဲဒါဆို မင်းရေချိုးပြီးမှပဲ ပြန်ခေါ်လိုက်တော့...အရေးကြီးတဲ့ကိစ္စ ပြောဖို့ရှိတယ်"
"အခု ပြောလေကွာ"
"အေးဆေးပြောချင်တာကွ"
"အေး...ငါ ရေမြန်မြန်ချိုးလိုက်မယ်"
"Okay"
လျှံသော ဖုန်းပြန်ခေါ်လာတာကို စောင့်ရင်း သူ Group chat ထဲကို ဝင်ကြည့်လိုက်တော့ John တို့တွေက Online ပေါ်မှာ ရှိမနေ။