"သျှားရင့်နဲ့သောတက ဒီနှစ်ပြီးရင် Master ဆက်တက်မှာလား"
စာကျက်ဖို့ အချိန်ဇယားဆွဲရင်း စိုင်းစေးက ပြောတော့ Gym room ထဲတွင် ဗလချင်းယှဥ္နေသော သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။
ဥပဒေ မေဂျာ ယူထားသော သျှားရင့်နှင့်သူကLLB ဘွဲ့အတွက် ၅ နှစ်တက်ခဲ့ပြီးဖြစ်ကာ Honours ဘွဲ့ယူဖို့ အခု Qualify တက်နေခြင်း။ ကျန်တဲ့သူငယ်ချင်းတွေကတော့ M 1 တက်နေကြတာပင်။
"ငါတို့က နောက်တစ်နှစ် တက်ရဦးမှာ...မင်းတို့က ဒီနှစ် Qualified ပြီးလို့ ဆက်မတက်တော့ရင် ငါတို့ လူမစုံတော့ဘူး"
"Noooo!!!"
သူတို့နှစ်ယောက် အထိတ်တလန့် ထအော်သည့်အခါ Treadmill ပေါ်တွင် အပြေးလေ့ကျင့်နေသော Isaac တောင် ခြေလှမ်းတွေမှားကုန်သည်။
"Master ဆက်တက်မယ်ကွာ!"
"Yes!!"
သျှားရင့်နှင့်သူ လက်သီးလက်မောင်းတန်းလျက် ကြုံးဝါးလိုက်လေရာ John က သူတို့နှစ်ယောက်ကြား ခုန်ဝင်လာပြီး ပခုံးဖက်၏။
"အဲ့ဒါဆိုရင် ခုကတည်းက စာလုပ်တော့"
ပြောရရင် သူတို့အဖွဲ့ထဲမှာ သျှားရင့်နဲ့သူပဲ စာမေးပွဲနီးသည့်အချိန်ထိ အလေလိုက်တတ်တာ ဖြစ်သည်။ စာမေးပွဲဖြေဖို့ နှစ်ပါတ်လောက် အလိုမှသာ စာ အတည်လုပ်ကြခြင်း။
ခွန်ဦးနဲ့ခွဲရမှာကြောက်လို့ စာလုပ်နေသော Isaac ကရော သူတို့နဲ့ ဘာများကွာလို့လဲ။
အိမ်က မိန်းမပေးစားမှာစိုးလို့ ကျောင်းမပြီးချင်တဲ့ John လည်း ထူးမခြားနား။ သူတို့အုပ်စုမှာ ကိုယ့်ဘာသာရပ်ကို သေချာ လေ့လာသင်ယူနေတာဆိုလို့ စိုင်းစေးတစ်ယောက်ပဲရှိသည်။ ပထမနှစ်ဝက်စာမေးပွဲဖြေဖို့ နှစ်လနီးပါးလိုသေးတာတောင် Gym Room ထဲ လာပြီး အချိန်ဇယား ဆွဲနေတာပဲ ကြည့်လေ။
"ငါ မင်းတို့နဲ့ မခွဲနိုင်ဘူး"
"ငါရောပဲ"
သူက Isaac ရဲ့ လက်မောင်းကို အတင်း ဆွဲဖက်လိုက်ကာ သျှားရင့်ကတော့ John အား ကပ်မှီလိုက်တော့ စိုင်းစေးက ရယ်သည်။မသိတဲ့လူဆိုရင်တော့ အပိုလုပ်နေကြတယ်လို့ မြင်နိုင်ကောင်းပေမဲ့ သူတို့တတွေ တစ်ယောက်ကိုတစ်ယောက် ခင်တွယ်ကြတာ အတူတူနေကြသည့် ဒီအိမ်လေးက သက်သေပင်။ သူတို့အားလုံး ကျောင်းပြီးသွားရင် ကိုယ်စီ လုပ်ငန်းခွင်ဝင်ကြရမည့် သူတွေမို့ တက္ကသိုလ်ကျောင်းသားဘဝကို မြန်မြန် မကုန်ဆုံးစေချင်။