196 44 13
                                    

A or K

နှစ်ယောက်လုံးဟာ ခေါ်သံထံသို့ အသီးသီး လှည့်ကြည့်မိပြီးနောက် ခေါင်းများက ပြန်လည်လာခဲ့ပြီး အချင်းချင်း၏ မျက်နှာထံသို့ အကြည့်များက ဆိုက်ရောက်သွားရသည်။ လှမ်းခေါ်လိုက်သံဟာ နှစ်ယောက်လုံးအတွက် ရည်ရွယ်နေခြင်း မဟုတ်နေသည်မှာတော့ အသိအသာ။ သျှိုင်းခ၏ မျက်နှာထက်က အပြုံးစစ၏ သက်‌ရောက်မှုဟာဖြင့် အလင်္ကာ၏ မျက်ခုံးများကို တွန့်ကွေးသွားစေခြင်းပင်။

အသံ၏ လားရာထံမှတစ်ဆင့် သူတို့ထံသို့ လျှောက်လာနေခဲ့သည်မှာတော့ မီတာအနည်းငယ်မျှ ခြားနေခဲ့ပါသည့်တိုင် မျက်လုံးထဲတွင် ထင်းခနဲလင်းခနဲ မြင်သာနေခဲ့ပါသည့် ပန်းနုရောင် ခေါင်းတစ်လုံးပိုင်ရှင် ကောင်လေးတစ်ယောက်နှင့်အတူ ပွဲတက်ဂါဝန် ကြက်သွေးရောင်အရှည်ကြီးကို ဝတ်ထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်လေ၏။ အမျိုးသမီးဟု ဆိုရပါသော်ငြား ရုပ်ရည်ကို ကြည့်လိုက်ပါလျှင် အသက်က ၂၅ တော့ မကျော်နိုင်ပါချေ။ ဘေးတွင် ရှိနေသည့် ကောင်လေးက ကလေးရုပ် တအားပေါက်နေသည့်အတွက်သာ အမျိုးသမီး ဟု အလင်္ကာ့စိတ်ထဲတွင် သုံးနှုန်းလိုက်ရခြင်း။

ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် သျှိုင်းခ၏ အေးတိအေးစက် ဖြစ်နေသည်ဟု ထင်ရသည့် မျက်နှာက အနည်းငယ်မျှ အရည်ပျော်ကာ နွေးထွေးသွားသည့်နှယ်။

" မင်းလည်း ဒီကို ရောက်လာတာပဲ "

ဤသည်မှာ သူက လည်ကုပ်ကို လက်ဖြင့် ပွတ်ရင်း ပြုံးပြုံးရယ်ရယ်ဖြင့် ပြောလာသည့်စကား။

အမျိုးသမီးဖြစ်သူက အနားသို့ ရောက်လာပြီး သျှိုင်းခထံသို့ မျက်ခုံးပင့်ပြလာသည်။ ဘေးနားရှိ ကောင်လေးကမူ ဟမ်းစတားလေး တစ်ကောင်အလား ကိုယ်ကို ကြုံ့ထားရင်း ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရင်း အကဲခတ်နေခဲ့လေ၏။

ထို့နောက်တွင်မူ သူ့၏ စိတ်မအေးလက်မအေး ဖြစ်နေသည့် မျက်ဝန်းများက အလင်္ကာ၏ အကြည့်များနှင့် လာရောက်ဆုံစည်းပြီးနောက် နှစ်ယောက်လုံး ဝတ်ကျေတန်းကျေ ရယ်ပြမိလိုက်ကြသည်။ အလင်္ကာကိုယ်တိုင်လည်း ဆယ်ကျော်သက်တစ်ဦး ဖြစ်ပါသည့်တိုင် ထိုကောင်လေးက သူ့ထက်တောင်မှ ငယ်ရွယ်မည့်ပုံပင်။

Le Reve || The DreamWhere stories live. Discover now