156 39 23
                                    

ဖရန့်ကလင်းနှင့် အိုလစ်ဗီယာ

-

အလင်္ကာဟာ ဆံပင်အစိမ်းရောင်နှင့် ကောင်မလေး၏ လှုပ်ရှားပုံများကို အသေးစိတ် လိုက်ပြီး ကြည့်နေမိခဲ့သည် ၊ သူက ပါပါးဟု ခေါ်တာ လှမ်းနမ်းလိုက်သူဟာ ရုပ်ရည်အားဖြင့် အသက် ၄၀ တောင် ကျော်ဦးမည်မထင်။ ထိုကောင်မလေးကလည်း မည်မျှပင် ငယ်နေခဲ့ပါစေ ၊ ၁၉ နှစ်အောက်တော့ မရောက်နိုင်ပါသဖြင့် သူတို့နှစ်ယောက်က သားအဖဟု ထင်လိုက်ဖို့ရာက တကယ်ကို ခေါင်းခဲစရာတစ်ခုပင်။

သူတို့ တွေးနေသည့်အချိန်မှာပင် ထိုလူနှစ်ယောက်က အလင်္ကာတို့ နားသို့ ခပ်မြန်မြန်လေး ရောက်လာခဲ့လေ၏။ ခရီးသွားလမ်းညွှန်ကောင်မလေးက သူတို့ ရှေ့သို့ ထွက်လာခဲ့ပြီး ဦးစွာ နှုတ်ဆက်လိုက်သည်။

" တော်တော်ကို လှတဲ့ ပြဇာတ်လေးပဲနော် ၊ နာမည်ကြီးတာလည်း မဆန်းတော့ပါဘူး "

" မြှောက်နေပြန်ပါပြီ ၊ ဒါက ပြောထားတဲ့ ခရီးသွားတွေ ဆိုတာမလား "

ထိုယောက်ျားဖြစ်သူ၏ အကြည့်များက သူတို့ အကုန်လုံးထံသို့ ဝေ့ဝဲသွားလျက်သား။ အခြားလူများက သူ့ကို လေးစားနေသလို ကြည့်နေကြောင်း မြင်လိုက်ရသည့်အခါ အနည်းငယ်မျှ စိတ်ကျေနပ်စွာဖြင့် ပြုံးသွားခဲ့သလိုပင်။

" အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ် ၊ ကျွန်တော်ကတော့ ပြဇာတ်ရုံပိုင်ရှင် ဖရန့်ကလင်းပါ ၊ ပြဇာတ်ကြည့်ရတာ အဆင်ပြေရဲ့လားမသိဘူး "

" တကယ်ကို အံ့မခန်းပါပဲ "

" အသက်ရှူဖို့တောင် မေ့သွားတယ်ဗျာ ၊ သရုပ်ဆောင်ကလည်းကောင်း စန္ဒယားသံလေးကလည်း လှနဲ့ "

" ကျုပ်ဘဝမှာ ပြဇာတ်တွေ အများကြီး ကြည့်ခဲ့ဖူးပေမဲ့ ဒီလောက်ကောင်းတဲ့ ပြဇာတ်မျိုးကိုတော့ လက်ချိုးတောင် ရေလို့ရတယ် "

ချီးကျူးသံများက တစ်ယောက်ပြီး တစ်ယောက် အလီလီ ထွက်လာကြသည့်အခါ ဖရန့်ကလင်း၏ နှုတ်ခမ်းထောင့်များက သိသိသာသာပင် တွန့်ကွေးတက်သွားခဲ့၏။ ချီးမွမ်းသံများကို မွေ့လျော်တတ်ကြသည့် လူတိုင်း၏ ထုံးစံအတိုင်း လက်ကလေး ယမ်းလျက် ငြင်းဆိုစကားတော့ အနည်းငယ် ဆိုပြရသေးသည်။

Le Reve || The DreamWhere stories live. Discover now