၁၇

126 28 9
                                    

မြို့ခံများ

သျှိုင်းခတို့နှင့် ညနေ လေးနာရီလောက်၌ ပြန်ဆုံရရန် ချိန်းခဲ့ပြီးနောက် မိုးဝသန်နှင့် မြတ်သော်ကဟာ ပုံမပျက်လေးပင် အိမ်ရှေ့တံခါးထံမှ တစ်ဆင့် ပြန်ဝင်လာခဲ့ကြပြီး ဧည့်ခန်းထဲ၌ ဝင်ထိုင်လိုက်ကြသည်။ အခြားသော ခရီးသွားများကလည်း နိုးနေခဲ့ကြပြီဖြစ်ကာ သူတို့အုပ်စုနှင့်သူတို့ သီးသန့်နေကာ တစ်ခုခုကို ဆွေးနွေးနေခဲ့ကြဟန် ပေါ်လေ၏။ သေချာပေါက် ဤမြို့အတွင်းမှ မသင်္ကာစရာများကို အကဲခတ်မိသည်မှာ သူတို့လေးယောက်ပဲ ရှိနေလိမ့်မည်တော့ မဟုတ်ပါချေ။

မိုးဝသန်ဟာ အိမ်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ငေးကြည့်လိုက်ပြီးနောက် လျှို့ဝှက်အခန်းတို့ အံဆွဲတို့များ ရှိနေလေမလားဟု တွေးမိနေစဥ်၌ မနေ့တုန်းက မေ့လဲသွားသည့် ကောင်မလေးက သူတို့နှစ်ယောက် ထိုင်နေသည့် အနားသို့ ရောက်လာခဲ့သည်။ ထင်ထားသည့်အတိုင်း သူ့ကောင်လေးကတော့ သူ့ဘေးနားတွင် အရိပ်တကြည့်ကြည့်ဖြင့် စောင့်ကြည့်ပေးနေဆဲသာ။

" အစ်မ မနေ့တုန်းက စန္ဒရားတီးတာ တကယ်နားထောင်ကောင်းတာပဲနော် "

ဧကရီဆိုသည့် ကောင်မလေးက ဖော်ရွေလှသည့် မျက်နှာထားလေးဖြင့် အနားသို့ ရောက်လာပြီး မိတ်ဖွဲ့သလိုမျိုး စကားဆိုသည့်အခါ မိုးဝသန်အဖို့လည်း ခက်ခက်ထန်ထန် ငြင်းချဖို့ မဖြစ်နိုင်ပါသဖြင့် အလိုက်သင့်လေး ပြန်ပြုံးပြလိုက်ပြီး ဖြေပေးလိုက်ရသည်။

" ငယ်ငယ်ကတည်းက သင်ခဲ့ရတာမလို့ လက်ရည်လေး နည်းနည်းရှိရုံပါပဲ ၊ တကယ်တီးတတ်တဲ့လူတွေနဲ့ ယှဥ်လိုက်ရင်တော့ ပမွှားလေးပဲပေါ့ "

ဧကရီကမူ ရွှင်ရွှင်မြူးမြူးလေး ပြုံးပြရင်း လက်တခါခါ။

" အာ ဘယ်ကသာ ၊ ညီမက တေးဂီတပွဲတွေ နားထောင်ရတာကြိုက်လို့ သူနဲ့ လိုက်လိုက်နားထောင်ဖူးတယ်လေ ၊ သူကလည်း တယောတီးတဲ့ ပညာရှင်ဆိုတော့ "

ဘေးတွင် ရပ်နေသည့် ကောင်လေးက သူတို့ကို နှုတ်ဆက်သည့်နှယ် ခေါင်းညိတ်ပြလိုက်ပါသဖြင့် မြတ်သော်ကတို့လည်း ခေါင်းပြန်ညိတ်ပြလိုက်ရသည်။ ထို့နောက်တွင်မူ ဧကရီက အနည်းငယ်မျှ အံ့အားသင့်သွားဟန်လေးဖြင့် သွက်သွက်လေး ပြောလာသည်။

Le Reve || The DreamWhere stories live. Discover now