၂၆

164 27 4
                                    

လက်သီးတစ်ချက် ၊ အနမ်းတစ်ခါ

အမှောင်ကျသွားပါသည့် အခန်းအတွင်း၌ တိတ်ဆိတ်ခြင်းကသာ အသင့်သားလေး နေရာယူလို့ထားလေသည်။ ကျဥ်းမြောင်းနေသည့် အခန်း၏ ထုထည်က လူ၏ အာရုံခံစနစ်များကို ပိုပြီးတောင် ထက်မြက်စူးရှအောင် လုပ်ပေးနေခဲ့သလား အောက်မေ့ရပါ၏။

သျှိုင်းခဟာ အခန်းနံရံကို မှီကာ အကြာကြီး ရပ်နေမိခဲ့ပြီးနောက် အလင်္ကာက ပြန်ထမလာတော့ဘဲ တကယ်အိပ်ပျော်သွားကြောင်း သေချာသွားသည့်အခါမှသာ သူဟာ ဘေးတွင် ရှိနေသည့် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပါတော့သည်။

ရေချိုးခန်းထဲသို့ ရောက်သွားသည်နှင့် သျှိုင်းခ ပထမဆုံး လုပ်ရသည့်အလုပ်မှာ လက်တွင် စည်းထားသည့် ပတ်တီးကို ပြန်ကာဖြည်ရခြင်းပင်။ မိုးဝသန်၏ အရည်အချင်းဟာ နည်းနည်းလေးမှ ကျမသွားခဲ့ပါချေ။ လှပသေသပ်လှသည့် ချုပ်ရိုးများက သူ့လက်ဖဝါးနှင့် လက်ဖမိုးထက်တွင် အကြောင်းလိုက်ကလေး နေရာယူထားခဲ့လျက်သား။ သို့သည့်တိုင် သူ မကြာသေးခင်က အားအတော်လေး သုံးထားမိပါသဖြင့် အချို့နေရာများတွင်မူ ချုပ်ရိုးများ ပြေနေခဲ့ပြီး သွေးစများက အနည်းငယ်စို့နေခဲ့လေ၏။

ခပ်ပြင်းပြင်း လှုပ်မိပါလျှင် ဆစ်ခနဲ ကိုက်လာပါသည့်တိုင် သူကမူ အစကတည်းက နာကျင်မှု ခံနိုင်စွမ်း မြင့်မားသူ ဖြစ်လေခဲ့သည့်အတွက် သိပ်ပြီး ပြဿနာတော့ မရှိလှပါ။ ရေချိုးသန့်စင်ပြီးကာမှ ဆေးလိုက်ရှာပြီး ထပ်ထည့်လိုက်ပါလျှင် ရက်ပိုင်းအတွင်း ပျောက်သွားပါမည့် ဒဏ်ရာသာ။

ထို့နောက်တွင်မူ သျှိုင်းခဟာ လက်ကို သိပ်ပြီး ဂရုစိုက်မနေတော့ဘဲ အင်္ကျီကို ချွတ်လိုက်ကာ ရေချိုးဖို့အတွက် ပြင်လိုက်ရလေ၏။ ကျစ်လစ်နေသည့် လက်မောင်းကြွက်သားများနှင့်အတူ ကျယ်ပြန့်လှသည့် ပခုံးဟာ သူ့ကို ယခင်အတိုင်း သန်မာတောင့်တင်းသည့် အရှိန်အဝါမျိုးကို ပေးစွမ်းနိုင်နေဆဲ။ သျှိုင်းခဟာ လက်ကို မြှောက်ရင်းဖြင့် ကျောကုန်းပေါ်တွင် ကပ်ထားသည့် အသားရောင် ပလာစတာကို ဖြည်းဖြည်းချင်း ဆွဲခွာလိုက်သည့်အခါ ထိုအောက်တွင် ဖုံးကွယ်ထားသည့် အရာက ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာခဲ့လေ၏။

Le Reve || The DreamWhere stories live. Discover now