၁၆

117 25 4
                                    

အင်္ကျီလဲပေးဖို့ လုပ်နေရုံပါပဲ

သျှိုင်းခဟာ ဂရုတစိုက်ပင် အလင်္ကာကို ပတ်ထားသည့် စောင်အား ခွာလိုက်ပြီးနောက် သူ၏ သန့်နေသေးသည့် လက်ဖြင့် အလင်္ကာ့ကို အင်္ကျီလဲပေးဖို့ ကြံရသည်။ သို့သည့်တိုင် စောင်ကို ဖယ်ပေးပြီးကာမှ လက်နှစ်ဖက်လုံး မသုံးလျှင် အခြားလူတစ်ယောက်ကို အင်္ကျီဝတ်ပေးဖို့က သိပ်ပြီး မလွယ်လှကြောင်း သိလိုက်ရသဖြင့် သျှိုင်းခဟာ အလင်္ကာ့ကို ဒီအတိုင်းလေး ခဏထားထားခဲ့ကာ မိုးဝသန် ရှိရာသို့ ပြန်လျှောက်သွားလိုက်ရသည်။

" ဝသန် ငါ့လက်က ဒဏ်ရာကို အရင်ဆေးထည့်ပြီးမှ သူ့ကို အင်္ကျီလဲပေးဖို့ အဆင်ပြေမယ်ထင်တယ် "

မိုးဝသန်က သူ့စကားကို ကြားသည့်အခါ နောက်သို့ ပြန်လှည့်ကြည့်လာခဲ့ပြီး ကိုင်ထားသည့် ပတ်တီးများကို မြှောက်ပြလာခဲ့၏။

" ကိစ္စမရှိပါဘူး ၊ ငါ ‌ဆေးထည့်ပေးတာက မြန်ပါတယ် ၊ ကောင်လေး ငါ့ကို နည်းနည်းကူဦး "

မြတ်သော်ကက မိုးဝသန်၏ စကားကို ကြားသည့်အခါ ခေါင်းညိတ်ပြလိုက်ပြီး သျှိုင်းခ၏ ဘေးတွင် ‌ဆောင့်ကြောင့်လေးထိုင်လိုက်ကာ မိုးဝသန် ခိုင်းသမျှကို လုပ်ဖို့အတွက် အသင့်စောင့်ဆိုင်းနေခဲ့လေသည်။

" ရေသန့်တစ်ဘူးဝယ်ပြီးတော့ သူ့လက်ကို ဆေးပေးလိုက် "

မိုးဝသန်၏ စကားအတိုင်းပင် မြတ်သော်ကဟာ ရေသန့်တစ်ဘူးကို ဝယ်လိုက်ကာ အိတ်ထဲမှ ထုတ်လိုက်ပြီးနောက် သျှိုင်းခကို နာမယ်နော် ဆိုသည့် သဘောဖြင့် ပြုံးပြလိုက်ရင်း ရေသန့်ဘူးကို လက်ဖဝါးနားတွင် တေ့ကာ လောင်းချပေးလိုက်ရသည်။ သျှိုင်းခကမူ မျက်ခုံးက အနည်းငယ် တွန့်ကွေးသွားရုံကလွဲ နာကျင်သည့် အရိပ်အယောင် တစ်ချက်လေးမှ ပြမလာခဲ့ပါပေ။ အကြည်ရောင်သမ်းနေခဲ့သည့် ရေစက်များက သျှိုင်းခ၏ လက်ဖဝါးကို ထိတွေ့ပြီး ပြန်ဆင်းကျသွားသည့်အချိန်တွင် အနီရောင်ဖျော့ဖျော့ သမ်းသွားခဲ့ရပြီး အနိမ့်တစ်နေရာသို့ လျှောဆင်းလို့ သွားရသည်။

ဒဏ်ရာကို ရေဖြင့် သေချာဆေးပေးပြီးသည့်အခါမှ မြတ်သော်ကဟာ သျှိုင်းခ၏ ဒဏ်ရာက ဘယ်လောက်တောင် ပြင်းထန်နေမှန်း သိလိုက်ရလေ၏။ လက်ဖဝါးတစ်ခုလုံးကို ထုတ်ချင်းဖောက်သွားသည့် ဒဏ်ရာကို သေးသေးမွှားမွှား ပုံစံလေးလို ပြောနေသည့် သျှိုင်းခကို သူ့ခမျာ အံ့သြမဆုံး။

Le Reve || The DreamWhere stories live. Discover now