၁၅

114 31 10
                                    

ဟန်ဆောင်ခြင်း

သျှိုင်းခ တံခါးကို ဆောင့်တွန်းဖွင့်လိုက်သည့် အသံဟာ သိပ်ကို ကျယ်လောင်သွားသည့်အလျောက် အိပ်ရာပေါ်တွင် ရှိနေသည့် အမျိုးသား ဖြစ်သူက မကြားနိုင်စရာ အကြောင်းမရှိပါချေ။ သူဟာ အခန်းထဲသို့ ဝင်လာသည့် သျှိုင်းခကို မြင်လိုက်ရသည့်အခါ မျက်နှာက ပုပ်သိုးသွားပြီးနောက် မျက်ခုံးများကို တွန့်လိုက်ကာ တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။ သို့သော်ငြား ထိုစကားများကိုတော့ သျှိုင်းခ မကြားခဲ့ရပါ။

သျှိုင်းခသည် အနားသို့ လျှောက်သွားခဲ့ပြီးနောက် ထိုအစိမ်းရောင်ဆံပင်ရှည်များနှင့် အမျိုးသား၏ ပခုံးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အတော်လေးကို ခက်ထန်နေသည့် လေသံဖြင့် ခြိမ်းခြောက်မိလိုက်သည်။

" သူများရည်းစားပေါ် ဒါက ဘယ်လိုလုပ်ရပ်မျိုးတွေ လုပ်နေတာလဲ "

သူ့တကယ်ရည်းစား ဟုတ်ခြင်းမဟုတ်ခြင်းဟာ ဤအချိန်တွင် ဘာမှ အရေးပါမနေခဲ့ပါချေ။

အပြုံးအရယ်ကင်းနေသည့် သျှိုင်းခ၏ မျက်နှာဟာ ကျားသစ်တစ်ကောင်လိုမျိုး မာရေကျောရေ နိုင်လှပါသည့်တိုင် ထိုအမျိုးသားကမူ တစ်ချက်ကလေးမှ ခြောက်ခြားသွားဟန်လည်းမပေါ်သလို တွန့်ဆုတ်သွားခြင်းမျိုးလည်း မရှိခဲ့။ သူက ခေါင်းကို အောက်သို့ ငုံ့ပြလိုက်ပြီးနောက် အမြင်ကတ်စရာ ကောင်းလှသည့် အပြုံးတစ်ခုဖြင့် ပြန်ဖြေလာခဲ့သည်။

" အခြေအနေကိုပဲ ကြည့်လေ ၊ ဘာလုပ်နေတယ်လို့ ထင်လို့လဲ "

သျှိုင်းခ၏ ဒေါသဟာ ငါးဆယ်ရာခိုင်နှုန်းမျှ ပိုပြီး မြင့်တက်လာခဲ့ပါသဖြင့် ပခုံးကို ဆုပ်ကိုင်ထားသည့် လက်ချောင်းများက ပိုကာ အားပါလာလေရာ တစ်ဖက်သား၏ ပခုံးက တမဟုတ်ချင်း နီမြန်းလာရ၏။ ပုံမှန်လူသာဆိုလျှင် အကြောနာလှပြီဟုဆိုကာ ခုန်ပေါက်အော်ဟစ်နေရမည့် အနေအထား ဖြစ်လေသည့်အတွက် အရှေ့ရှိ အမျိုးသားက ဘာမှ မဖြစ်သေးခြင်းဟာ သျှိုင်းခအတွက်လည်း အနည်းမျှတော့ အံ့သြစရာ ဖြစ်ခဲ့သည်။

" ခင်ဗျားရဲ့ ရည်းစားဆိုတာလေးက ကျွန်တော့်အပေါ် အရင်တွယ်တက်လာတာလေ ၊ ကျွန်တော်က ဘယ်လိုလုပ်ပေးရမှာတုန်း "

Le Reve || The DreamWhere stories live. Discover now