၃၁

160 26 9
                                    

Phantom

အပ်ချုပ်သမားထံသို့ သွားနေသည့် လမ်းတစ်လျှောက်လုံးတွင် အလင်္ကာဟာ ဘေးတွင် ရှိနေသည့် ပြတင်းပေါက်ကို ကာထားသည့် လိုက်ကာစများကို ဖယ်လျက် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လို့ နေခဲ့မိသည်။

သူတို့၏ စံအိမ်ဟု ခေါ်လေသည့် အရာနှင့် ဇောက်ထိုးမိုးမျှော်ဟု ဆိုရလောက်အောင်ပင် အပြင်လောကဟာ သိပ်ကို မှောင်မှိုင်းလို့နေခဲ့၏။ မသိလျှင် သူတို့ နေအိမ်အတွင်းမှ တောက်ပနေသော အပြင်အဆင်များဟာ ရုပ်မြင်သံကြားများရှိ ရွှေရည်စိမ် ပျော်ရွှင်မှုများ ဖြစ်နေခဲ့ပြီး အပြင်လောကထဲတွင်မူ ထိုင်းမှိုင်းမှု ၊ စိတ်ပျက်မှုများကသာ လွှမ်းမိုးနေခဲ့ပါသလို။

အဖြူအမည်းလောကကြီးပမာ ဖြစ်နေခဲ့သည့် အရောင်အဆင်းများနှင့်အတူ ပြည်သူများက ဝတ်စားထားသည်မှာလည်း ညစ်ပတ်ပေရေနေသည့် အဝတ်အစားများသာ။ အလင်္ကာက သတိတကြီးဖြင့် ပြည်သူများကို အကဲခတ်မိလိုက်သည့်အခါ သူတို့အားလုံးက သူတို့ လုပ်စရာ ရှိနေသည့် အလုပ်များကို အသီးသီး လုပ်ဆောင်လို့နေကြပါ၏။ ထိန်းချုပ်နေသူတော့ ရှိလေဟန် မပေါ်ပါသဖြင့် အလင်္ကာဟာ အနည်းငယ်မျှ သက်ပြင်းချမိလိုက်သည်။

သို့သည့်တိုင် အခြားလူများက ဤကဲ့သို့ ခံစားနေရချိန်တွင် သူ့ဘက်က ပျော်ပျော်ပါးပါး မွေးနေ့ပွဲကြီး ထလုပ်မည့် အရေးကတော့ သိပ်ပြီးတော့ မမှန်လှသလိုမျိုး ခံစားလိုက်ရပါသဖြင့် အလင်္ကာဟာ သျှိုင်းခနှင့် တိုင်ပင်ဖို့အတွက် သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် လူကို လှမ်းကြည့်မိလိုက်၏။

သျှိုင်းခကလည်း သူ့နည်းတူပင် ပြတင်းပေါက်အပြင်ဘက်ကို စိတ်လွတ်လက်လွတ် ငေး‌မောလို့နေခဲ့သည်။ စိမ်းမြနေသော မျက်ဝန်းများအတွင်း၌ သူ မထင်မှတ်ထားသည့် ခံစားချက်တစ်မျိုးက နေရာယူထားလျက်သား ၊ လွမ်းဆွတ်ငေးမောခြင်းများ။

သျှိုင်းခဟာ ဤမြို့ပုံစံကို လွမ်းဆွတ်ငေးမောလှစွာဖြင့် မှင်သက်စွာ ငေးကြည့်လို့နေခဲ့သည်။ ယခင်ကလိုမျိုး တောက်ပမနေသည့် အစိမ်းရောင်မျက်လုံးများထက် စုတ်ပြတ်နေသည့် အိမ်ငယ်လေးများနှင့် ပြည်သူများ၏ ပုံရိပ်က အသင့်သားလေး နေရာယူထားလျက်သား။ သူ့စိတ်ထဲတွင် ဘာတွေကိုများ စဥ်းစားနေခဲ့ပါသဖြင့် ဤကဲ့သို့ လွမ်းတသသ မျက်လုံးများဖြင့် အပြင်ကို ငေးကြည့်နေခဲ့ရသလဲ အလင်္ကာ ဘယ်လိုမှကို နားမလည်နိုင်ခဲ့။

Le Reve || The DreamWhere stories live. Discover now